News

POST TYPE

POPULAR POST

အိမ်သာကျင်းထဲဆင်း၍ ဆိုင်ကယ်သော့ရှာသူကို ကယ်သည့်သူသေဆုံး
23-Feb-2019
မိတ္ထီလာ၊ ဖေဖော်ဝါရီ ၂၃

သာစည်မြို့နယ် ဆူးပုတ်ကန်ရွာတွင် ဖေဖော်ဝါရီလ ၂၂ ရက်နေ့ ညပိုင်းက အိမ်သာကျင်းထဲသို့ ဆိုင်ကယ်သော့ရှာဖွေရန် ဆင်းသည့်အမျိုးသားကို လိုက်လံကယ်ဆယ်သည့် အမျိုးသားသေဆုံးခဲ့ကြောင်း သာစည်မြို့ ပြည်သူ့ဆေးရုံထံမှ သိရသည်။

ဖြစ်စဉ်မှာ ယင်းရက်ည ၇ နာရီခွဲခန့်က ဦးချမ်းမြ (၄၇ နှစ်)သည် ၎င်း၏ ဆိုင်ကယ်သော့ ပျောက်ဆုံးနေသည်ကို လိုက်လံရှာဖွေရာမတွေ့သဖြင့် နေအိမ်ခြံဝန်းအတွင်းရှိ အနက် (၁၂) ပေ အကျယ် (၅) ပေခန့်ရှိသည့် အိမ်သာကျင်းထဲသို့ ဆင်းယူရာအပေါ်သို့ ပြန်မတက်နိုင်တော့သဖြင့် အော်ဟစ် အကူအညီတောင်းခဲ့ရာ ခြံစောင့် ပြည့်စုံဖြိုးကျော် (၂၄ နှစ်) က အိမ်သာကျင်းထဲ ဆင်းကူသည်ကို အနီးအနားရှိ ကိုဖားကြီးက ပတ်ဝန်းကျင်ကို ဆက်လက်အကူအညီတောင်းခဲ့ကြောင်း၊ ထို့ကြောင့် ကိုဖိုးသန်းကခါးတွင် ကြိုးချည်၍ အိမ်သာကျင်းထဲသို့ဆင်းပြီး နှစ်ဦးစလုံးကို ကူညီဆယ်ယူနိုင်ခဲ့ပြီးနောက် သာစည်ဆေးရုံသို့ ပို့ဆောင်ခဲ့သော်လည်း ပြည့်စုံဖြိုးကျော်မှာ သေဆုံးခဲ့ရကြောင်း မှုခင်းမှတ်တမ်းအရ သိရသည်။

“ကောင်လေးက မနည်းကို ဆယ်ခဲ့ရတာ။ အချိန်ကလည်းကြာတော့ သေသွားတာ။ ကောင်လေးက ကျွဲတပ်ဆုံ ရွာကပါ”ဟု ဆူးပုတ်ကန်ကျေးရွာဒေသခံ အမျိုးသားတစ်ဦးက ပြောဆိုသည်။

အဆိုပါသေဆုံးမှုနှင့်ပတ်သက်၍ သာစည်မြို့မရဲစခန်းက သေမှုသေခင်း အမှတ်စဉ် ၂/၂၀၁၉ ဖြင့် ရေးဖွင့်ထားပြီး ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်၊ မဟုတ် စစ်ဆေးနေကြောင်း ယင်းရဲစခန်းထံမှ သိရသည်။

R-01