News

POST TYPE

POPULAR POST

မိတ္ထီလာရှိ သမိုင်းဝင်သိမ်ကိုးသိမ်ပူဇော်ပွဲ တပေါင်းလပြည့်နေ့တွင် ကျင်းပမည်
21-Feb-2019
မိတ္ထီလာ၊ ဖေဖော်ဝါရီ ၂၁ 

မိတ္ထီလာမြို့ရှိ သမိုင်းဝင် သိမ်ကိုးသိမ်လှည့်လည်ပူဇော်ပွဲကို မတ်လ ၂၀ ရက်(တပေါင်းလပြည့်နေ့)တွင် ကျင်းပမည်ဖြစ်ပြီး ပိုမိုစည်ကားစေရန် စီစဉ်ဆောင်ရွက်မည်ဖြစ်ကြောင်း အဆိုပါပွဲဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းက ပြောကြားသည်။

“ဒီနှစ်က လူတွေပိုပြီးစည်မယ်လို့ မှန်းပါတယ်။ မန္တလေး၊ နေပြည်တော်နဲ့ ကျောက်ပန်းတောင်းဘက်ကလူတွေလည်း လှမ်းပြီးတော့ ဆက်သွယ်လာကြတယ်။ သူတို့အတွက်လည်း ဧည့်ခံကျွေးမွေးဖို့ သီးသန့် စီစဉ်ထားပါတယ်။ ပွဲတော်ရက်မှာ ကားတွေသွားဖို့အတွက် ကျေးလက်ဌာနနဲ့ပေါင်းပြီး လမ်းတွေပြင်နေပြီ။ လုံခြုံရေးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေလည်း ပေးပါမယ်”ဟု ၎င်းက ပြောကြားသည်။

အဆိုပါပူဇော်ပွဲသို့လိုက်ပါလိုသူများအနေဖြင့် သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးရုံးများတွင် စာရင်းပေးသွင်းနိုင်ပြီဖြစ်ပြီး လိုက်ပါမည့်သူများအနေဖြင့် ဘုရားဖူးမော်တော်ယာဉ်တန်းစုရပ်မှာ နန်းတော်ကုန်းရပ်ကွက်ရှိ နဂါးရုံမဟာဗောဓိစေတီမှ အောင်ဆန်းရပ်ကွက်အထိ မိတ္ထီလာ-ကျောက်ပန်းတောင်း ကားလမ်းတစ်လျှောက်ဖြစ်ကြောင်း၊ ပြီးခဲ့သည့်နှစ်က ကားအစီး ၂၃၀ ခန့်ဖြင့် သိမ်ကိုးသိမ်လှည့်လည်ပူဇော်ပွဲကို လှည့်လည်ခဲ့ရာ ဘုရားဖူးအရေအတွက်မှာ ၈၃၀၀ ကျော်ရှိခဲ့ကြောင်း ပွဲတော်ဖြစ်မြောက်ရေးကော်မတီထံမှ သိရသည်။

မိတ္ထီလာမြို့နယ်တွင် ရှင်အရဟံသမုတ်ခဲ့သော သမိုင်းဝင်သိမ်ကိုးသိမ်ဖြစ်သည့် ရှင်ပင်ကူသိမ်၊ ပဲသီတာသိမ်၊ ကက္ကူကန်သိမ်၊ ဝက်ကျောက်သိမ်၊ သားဖန်းသိမ်၊ ကလိန်ခြေသိမ်၊ ကူဖြူသိမ်၊ ကုန်းတောင်းသိမ်၊ ထီးသုံးဆင့်သိမ်တို့ကို မြို့နယ်သူနယ်သားများက လက်ယာရစ်လှည့်လည်ပူဇော်ပွဲများကို ၂၀၁၂ ခုနှစ်မှစတင် ကျင်းပခဲ့ပြီး ယခုနှစ်တွင် ရှစ်ကြိမ်မြောက်အဖြစ်ကျင်းပမည်ဖြစ်သည်။

R-01