News

POST TYPE

POPULAR POST

ဗြိတိန်အစိုးရက မြန်မာနိုင်ငံဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ကန်ဒေါ်လာ သန်း ၂၃၀ ကျော်သုံးရန်လျာထား
20-Feb-2019

ရန်ကုန်၊ဖေဖော်ဝါရီ ၂၀

မြန်မာနိုင်ငံ၏ ဖ့ွံဖြိုးတိုးတက်ရေး လုပ်ငန်းများအတွက် ဗြိတိန်အစိုးရအနေနှင့် ယခုနှစ်တွင် အမေရိကန်ဒေါ်လာ သန်း ၂၃၀ ကျော် အသုံးပြုရန်စီစဉ်ထားကြောင်း UK Aid အဖွဲ့အစည်းမှ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးဌာန - DFID မြန်မာနိုင်ငံဆိုင်ရာ အကြီးအကဲ ဒေါက်တာ ဂေးလ်မာဇက်တီက ပြောကြားသည်။

“မြန်မာနိုင်ငံအတွက် UK အစိုးရက တိုက်ရိုက်ထောက်ပံ့တာနဲ့ အခြားသော အဖွဲ့အစည်းတွေကတစ်ဆင့် ထောက်ပံ့တာဆိုပြီး နှစ်ခုရှိပါတယ်။ မြန်မာနိုင်ငံအတွက် နှစ်အလိုက် တိုးမြှင့်ဆောင်ရွက်လာတာကို မြင်ရမှာပါ”ဟု ၎င်းကပြောဆိုသည်။

ဗြိတိန်အစိုးရအနေနှင့် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအတွက် ၂၀၁၈ ခုနှစ်အတွင်းက မြန်မာနိုင်ငံအတွက် အမေရိကန်ဒေါ်လာ သန်း ၂၀၀ အသုံးပြုခဲ့ပြီး အဓိကအားဖြင့် လူမှုဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သည့် ကျန်းမာရေး၊ ပညာရေးနှင့် အသက်မွေးဝမ်းကြောင်းလုပ်ငန်းများအပြင် လူသားချင်းစာနာထောက်ထားမှု လုပ်ငန်းများအတွက် အသုံးပြုခဲ့သည်ဟုလည်း ဒေါက်တာ ဂေးလ်မာဇက်တီက ရှင်းပြသည်။

“ဒီနှစ်ကစပြီး မြန်မာနိုင်ငံရဲ့ ပညာရေးကဏ္ဍအတွက် ထပ်တိုးမြှင့်ဆောင်ရွက်နေတာတွေတော့ ရှိတယ်။ အဓိကအားဖြင့် သင်ရိုးအသစ်တွေနဲ့ပတ်သက်ပြီး ဒီနှစ်ထဲမှာ ဆရာ၊ ဆရာမတွေအတွက် အစီစဉ်တွေပါတယ်”ဟု UK Aid အဖွဲ့အစည်း၏ DFID ဌာနမှ ပညာရေးအကြံပေး ဒေါက်တာခိုင်ဖြူထွဋ်က ပြောကြားသည်။

ဗြိတိန်အစိုးရအနေနှင့် လာမည့်နှစ်များတွင်လည်း အထောက်အပံ့ရရှိမှု နည်းပါးသည့် ချင်း၊ ရခိုင်၊ ရှမ်း စသည့် ပြည်နယ်များရှိ ဆင်းရဲးနွမ်းပါးသည့်နေရာများတွင် ဖွံ့ဖြိုးရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရန် ရည်ရွယ်ထားကြောင်း UK Aid အဖွဲ့အစည်းထံမှ သိရသည်။

J-14