News

POST TYPE

POPULAR POST

မိတ္ထီလာ တောင်တက်အသင်းဝင်များ ပေတစ်သောင်းကျော် အမြင့်ရှိသည့် ဖုန်ကန်ရာဇီတောင် တက်မည်
18-Feb-2019
မိတ္ထီလာ၊ ဖေဖော်ဝါရီ ၁၈

မိတ္ထီလာခြေလျင်နှင့် တောင်တက်အသင်းက အသင်းဝင် ၂၀ ဦးသည် မတ်လ ၃ ရက်နေ့တွင် ကချင်ပြည်နယ် ပူတာအိုခရိုင်ရှိ အမြင့်ပေ ၁၁,၉၂၀ ရှိ ဖုန်ကန်ရာဇီတောင်သို့ တက်ရောက်မည်ဖြစ်ကြောင်း အဆိုပါခရီးစဉ်ကို ဦးဆောင်မည့်သူ ကိုနိုင်မင်းရှိန်က ပြောကြားသည်။

“ဒီခရီးစဉ်မှာ ထူးခြားချက်က အသက် ၇၁ နှစ် တစ်ယောက်ပါမယ်။ အသက် ၅၈ နှစ် တစ်ယောက်ပါမယ်။ ပေါင် ၂၄၀ လောက်ရှိတဲ့သူ တစ်ယောက်လည်းပါမယ်။ Training အနေနဲ့ကတော့ ဒီနားက တောင်ခုနစ်တောင်ကို တက်ပြီးသွားပြီ”ဟု ၎င်းက ပြောကြားသည်။

အဆိုပါခရီးစဉ်မှာ ရှစ်ရက်ခန့်ကြာမြင့်မည်ဖြစ်ပြီး ရာသီဥတုအနေအထားမှာ ယခင်နှစ်ထက် အနည်းငယ်ဆိုးသည်ဟု ယင်းဒေသခံများ၏ သတင်းပေးပို့ချက်အရ သိရကြောင်း၊ ဖုန်ကန်ရာဇီတောင်သို့တက်ရန် အကောင်းဆုံးအချိန်မှာ အောက်တိုဘာနှင့် ဒီဇင်ဘာလများအတွင်းဖြစ်သော်လည်း ရေခဲနည်းကြောင်း၊ ယခုတက်ရောက်မည့်အချိန်မှာ ရာသီဥတုဆိုးသော်လည်း ရေခဲများပြီး အလှဆုံးအချိန်ဖြစ်ကြောင်း ကိုနိုင်မင်းရှိန်ကဆိုသည်။

မိတ္ထီလာခြေလျင်တောင်တက်အသင်းမှ အသင်းသားနှစ်ဦးဖြစ်သည့် ဒေါက်တာမြတ်မင်းနှင့် ကိုနိုင်မင်းရှိန်တို့သည် ၂၀၁၈ ခုနှစ် ဇန်နဝါရီလကုန်ပိုင်းက ဖုန်ကန်ရာဇီနှင်းဖုန်းတောင်ထိပ်ပေါ် ပထမအကြိမ် တက်ရောက်နိုင်ခဲ့ကြသူများဖြစ်ကြောင်း ယင်းအသင်းဝင်များထံမှ သိရသည်။

R-01