News

POST TYPE

POPULAR POST

ဆိုးလ်ရှားကို အမြဲတမ်းနည်းပြအဖြစ် မန်ယူ အပြီးသတ်ရွေးချယ်၊ တရားဝင်ကြေညာချက်ကို ရာသီကုန်ဆုံးချိန်တွင် ထုတ်ပြန်မည်
11-Feb-2019


မန်ချက်စတာ၊ ဖေဖော်ဝါရီ ၁၁

မန်ယူအသင်းဒါရိုက်တာဘုတ်အဖွဲ့သည် ယာယီနည်းပြ ဆိုးလ်ရှားကို အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ရန် အပြီးသတ်ဆုံးဖြတ်လိုက်ပြီဖြစ်ပြီး တရားဝင်ကြေညာချက်ကိုမူ ဘောလုံးရာသီပြီးဆုံးချိန်သို့ရောက်မှသာ မန်ယူက ထုတ်ပြန်ပေးလိမ့်မည်ဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။

ဆိုးလ်ရှားသည် ၎င်းဦးဆောင်ခဲ့သော ပြိုင်ပွဲအရပ်ရပ် ပွဲစဉ် ၁၁ ပွဲတွင် မန်ယူကို ၁၀ ပွဲနိုင်၊ တစ်ပွဲသရေရလဒ် ရယူပေးနိုင်ခဲ့ပြီး မန်ယူကစားသမားများနှင့် အသင်းဝန်ထမ်းများကလည်း မန်ယူနည်းပြရာထူးနှင့် အထိုက်တန်ဆုံးသောသူမှာ ဆိုးလ်ရှားကလွဲ၍ အခြားမရှိကြောင်း ထောက်ခံထားကြပြီးဖြစ်သည်။

မန်ယူအသင်း၏အရေးကိစ္စများကို တာဝန်ယူစီမံခန့်ခွဲနေသော အသင်းပိုင်ရှင်များဖြစ်ကြသည့် ဂျိုအယ်လ်ဂလေဇာနှင့် အေဗရမ်ဂလေဇာတို့သည် ဆိုးလ်ရှားမှာ အသင်းကို အကောင်းဆုံးဦးဆောင်ကွပ်ကဲသွားနိုင်မည့်သူဟု ယုံကြည်ကြောင်း အမှုဆောင်အရာရှိချုပ် အက်ဒ်ဝုဒ်ဝါးဒ်ကို ပြောကြားထားပြီဖြစ်ပြီး အေဗရမ်ဂလေဇာမှာ မန်ယူက ဖူလ်ဟမ်ကို သုံးဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သော ပရီးမီးယားလိဂ်ပွဲစဉ်ကို အမေရိကန်ပြည်ထောင်စုမှနေ၍ အင်္ဂလန်သို့လာရောက်ကာ တက်ရောက်ကြည့်ရှုခဲ့ပြီးနောက် ပွဲအပြီးတွင် နည်းပြ ဆိုးလ်ရှားနှင့် အချိန်အတန်ကြာ တွေ့ဆုံစကားပြောဆိုသွားခဲ့သည်။

ဆိုးလ်ရှား၏အေးဂျင့်ဖြစ်သူ ဂျင်းမ်ဆိုလ်ဘက်ကင်းသည်လည်း မန်ယူအမှုဆောင်အရာရှိချုပ် အက်ဒ်ဝုဒ်ဝါးဒ်၏ဖိတ်ကြားမှုဖြင့် ဖူလ်ဟမ်နှင့် မန်ယူတို့ ယှဉ်ပြိုင်ကစားခဲ့သည့်ပွဲစဉ်ကို အထူးဧည့်သည်တော်တစ်ယောက်အဖြစ် လာရောက်အားပေးခဲ့ကာ ပွဲအပြီးတွင် အက်ဒ်ဝုဒ်ဝါးဒ်က ဆိုလ်ဘက်ကင်းနှင့်တွေ့ဆုံ၍ ဆိုးလ်ရှား၏အနာဂတ်အတွက် ဆွေးနွေးမှုအချို့ကို ဆောင်ရွက်ခဲ့ကြောင်း ဆက်စပ်သတင်းများလည်း ထွက်ပေါ်နေသည်။

မန်ယူအသင်းတာဝန်ရှိသူများသည် ဆိုးလ်ရှားကို ပိုင်ဆိုင်ထားဆဲဖြစ်သည့် နော်ဝေကလပ် မိုလ်ဒီအသင်း၏ဒါရိုက်တာဘုတ်အဖွဲ့ဝင်များကို မန်ယူအသင်းပိုင် အိုးလ်ထရက်ဖို့ဒ်ဘောလုံးကွင်းတွင် မန်ယူနှင့် ပီအက်စ်ဂျီတို့ ယှဉ်ပြိုင်ကစားမည့် ချန်ပီယံလိဂ် ၁၆ သင်း ရှုံးထွက်အဆင့် ပထမအကျော့ပွဲစဉ်ကို တက်ရောက်အားပေးရန် ဖိတ်ခေါ်ထားပြီး ယင်းပွဲစဉ်အပြီးတွင် ဆိုးလ်ရှားနှင့် မိုလ်ဒီအသင်းအကြား၌ ကျန်ရှိနေသော လက်ကျန်စာချုပ်သက်တမ်းအတွက် စာချုပ်ဖျက်သိမ်းခကို မိုလ်ဒီအသင်းဒါရိုက်တာဘုတ်အဖွဲ့ဝင်များနှင့်တွေ့ဆုံ၍ မန်ယူက ဆွေးနွေးဖွယ်ရှိနေသည်။