POST TYPE

POPULAR POST

လှိုင်သာယာမှ ဘော်ဒါဆောင်များကို ပိတ်သိမ်းသည့်နည်းဖြင့် အရေးယူမည်
07-Feb-2019

ရန်ကုန်၊ ဖေဖော်ဝါရီ ၇

လှိုင်သာယာမြို့နယ်အတွင်း လိုင်စင်ကမ်းနှင့်မညီသည့် ဘော်ဒါဆောင်များကို ပိတ်သိမ်းသည်အထိ စိစစ်အရေးယူမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောကြားသည်။

“စည်းကမ်းနဲ့မညီရင် ဖွင့်ထားပြီးသားအဆောင်လည်း ပိတ်သိမ်းတဲ့အထိအရေးယူဖို့ စီမံချက်ထားပြီး ဆောင်ရွက်နေပါတယ်”ဟု ၎င်းက ပြောဆိုသည်။

လှိုင်သာယာမြို့နယ်မဲဆန္ဒနယ်မှ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးဦးဝင်းမောင်၏ ဥပဒေစည်းမျဉ်း၊ စည်းကမ်းများနှင့် ညီညွှတ်ခြင်းမရှိသော ပုဂ္ဂလိက လူနေဆောင်လုပ်ငန်းများကိုစိစစ်ပြီး ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နိုင်ရန် အစီအစဉ်ရှိ/မရှိ မေးခွန်းနှင့်ပတ်သက်၍ ဖေဖော်ဝါရီလ ၇ ရက်နေ့က ကျင်းပသောလွှတ်တော်၌ မြို့တော်ဝန်က အထက်ပါအတိုင်း ဖြေကြားခြင်းဖြစ်သည်။

လှိုင်သာယာမြို့နယ်အတွင်း ဘော်ဒါဆောင်ငါးထောင်ခန့်ရှိပြီး ဝင်ငွေခွန်ပေးဆောင်သည့် ပမာဏမှာ ၁၀၀ ကျော်သာ ရှိသည့်အတွက် ရန်ကုန်တိုင်းအစိုးရအနေနှင့် အခွန်ငွေများနစ်နာနေရကြောင်း လွှတ်တော်ကိုယ်စားလှယ် ဦးဦးဝင်းမောင်က ပြောကြားသည်။

“အဆောင်ဖွင့်ထားသူတွေဟာ ထိုက်သင့်တဲ့ ဝင်ငွေခွန်ဆောင်ရမှာ။ ဒါပေမဲ့ အခွန်ဆောင်ထားတဲ့ အဆောင်အနည်းငယ်ပဲရှိတယ်”ဟု ၎င်းက ထောက်ပြသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီအနေနှင့် စီမံခန့်ခွဲရေးဆိုင်ရာ နည်းဥပဒေ ၂ (စ) အရ ဘော်ဒါဆောင်များကို အမျိုးသား၊ အမျိုးသမီး သီးသန့်တည်းခိုနိုင်ရန် ဖွင့်ခွင့်ပြုပေးထားသည်။ 

J-17