News

POST TYPE

POPULAR POST

ဆရာများ၏ ရင်ဖွင့်သံ (ကျောင်းသားနဲ့ စာမေးပွဲ)
27-Oct-2016
ဇွန်လဆန်းမှစ၍ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်လာသည်မှာ ယခုအခါ နှစ်တစ်ဝက်ကျိုးလာပြီ ဖြစ်သည်။ အထူးသဖြင့် အထက်တန်းဆင့် နဝမတန်း၊ ဒသမတန်းတွင် ကျက်ရ၊ မှတ်သားရ၊ စဉ်းစားတွေးတောရမည့် အကြောင်းအရာကလည်း များလာသည်။ ထိုအခါ ကျောင်းသား၊ ကျောင်းသူအချို့သည် စာမလိုက်နိုင်ခြင်း လပတ်စာမေးပွဲကျရှုံးခြင်း စသည့် အခြေအနေများနှင့် ရင်ဆိုင်လာရသည်။ မိဘအချို့ကလည်း ဖိအားပေး ပြောဆိုမှုများရှိမည် ဖြစ်သည်။ ယမန်နေ့က မန္တလေးမြို့၌ လပတ်စာမေးပွဲတွင် တစ်ဘာသာ ကျရှုံးသောကြောင့် မိဘက ဆူပူကြိမ်းမောင်းသဖြင့် ကျောင်းသူတစ်ဦး မိမိကိုယ်ကိုယ် ကြိုးဆွဲချ သေဆုံးခဲ့သည်။ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ပဲခူးတိုင်းဒေသကြီး အတွင်းမှ ဒသမတန်း ကျောင်းသားတစ်ဦး မိမိကိုယ်ကိုယ် အဆုံးစီရင်မှု ဖြစ်ခဲ့သည်။ ထိုသို့သော အခြေအနေများမှာ စိုးရိမ်ဖွယ်ရာဖြစ်သည်။ ထို့ကြောင့် မိဘ၊ ဆရာ၊ ကျောင်းသား၊ ကျောင်းသူများအနေနှင့် သတိထားသင့်သည်များကို ယခုတစ်ပတ် ဆရာများ၏ ရင်ဖွင့်သံကဏ္ဍမှ တစ်ဆင့် ဆရာများ၏ အကြံပြုချက်များကို The Voice က စုစည်းဖော်ပြလိုက်ပါသည်။ 

“ဒီလိုအဖြစ်ဆိုးတွေက မိဘတွေ လောဘကြီးတာက စပါတယ်”
ဒေါက်တာဇော်မျိုးလှိုင် (လက်ထောက်ကထိက၊ ရူပဗေဒဌာန၊ ကျောက်ဆည်တက္ကသိုလ်)

ခုလို သတင်းတွေကြားရတာ စိတ်မချမ်းသာဘူးဗျာ။ ဒီလိုအဖြစ်ဆိုးတွေက မိဘတွေ လောဘကြီးတာက စပါတယ်။ မိဘတွေက သားသမီးကို အမြင့်ဆုံးဆိုတာတွေ ရစေချင်တဲ့ စေတနာဟာ ကောင်းတယ်ဆိုရပါမယ်။ ဒါပေမဲ့ ကိုယ့်သားသမီးရဲ့ မူလဝါသနာ ဘာလဲ၊ ပင်ကိုအရည်အသွေးက ဘယ်လောက်ရှိလဲ မလေ့လာတဲ့ မိဘက များနေတာကို ကျွန်တော်ကိုယ်တိုင် မိဘလည်းဖြစ်၊ ဆရာလည်း ဖြစ်တာကြောင့် သိနေရပါတယ်။ မိဘအများစုက ကလေးကို အတန်းတိုင်းမှာ စာတော်တယ်ဆိုတာ ဖြစ်ချင်ကြတယ်။ အတန်းတိုင်း စာတော်ကာ တက္ကသိုလ်ဝင်တန်းမှာ အမှတ်ကောင်းကောင်းနဲ့ အောင်မြင်စေချင်တယ်။ ဆရာဝန်၊ အင်ဂျင်နီယာ စသဖြင့် ဖြစ်စေချင်ကြတယ်။ ဆရာဝန်ကြီးဖြစ်မှ အင်ဂျင်နီယာကြီးဖြစ်မှ ဂုဏ်လည်းရှိ ဝင်ငွေလည်းကောင်းလို့ ထင်တတ်ကြတယ်။ လူ့ဘောင်လောက တည်ဆောက်ရာမှာ ဆရာဝန်၊ အင်ဂျင်နီယာတွေချည်း လိုအပ်တာ မဟုတ်သလို ကလေးတိုင်းကလည်း ဆရာဝန်၊ အင်ဂျင်နီယာ ဖြစ်ချင်ကြတာ မဟုတ်ပါဘူး။ သူတို့ရဲ့ ကိုယ်ပိုင်အတွေးအခေါ်၊ အယူအဆတွေနဲ့ သူတို့ဘဝကို ဖြတ်သန်းချင်ကြတာပါ။ 

နောက်ပြီးတော့ မိဘ၊ ဆရာအသင်း ဆောင်ပုဒ်က ‘မိဘ၊ ဆရာပူးပေါင်း ကလေးပညာကောင်း’ ဆိုပေမယ့် မိဘအများစုက ကလေးပညာရေးအတွက် ဆရာ၊ ဆရာမတွေနဲ့ သွားရောက်ဆွေးနွေးတာ တော်တော်ရှားပါတယ်။ နှစ်စက ကျောင်းအပ်တစ်ခေါက်လောက်သာ ကျောင်းကိုရောက်တဲ့ မိဘတွေတောင် ရှိပါတယ်။ ဒီတော့ သား၊ သမီးရဲ့ ပညာရေး အခြေအနေနဲ့ စိတ်ထားခံယူချက်တွေကို မိဘတွေက သေချာမသိကြတော့ပါဘူး။ မိဘတချို့ဆို သူတို့ငယ်စဉ်က ရည်မှန်းခဲ့တာတွေ ဖြစ်မလာတဲ့အခါ သားသမီး အလှည့်ကျ ဖြစ်စေချင်တယ်။ အတင်းတွန်းအားပေးတယ်။ မကျိုးမကန်းရင်ပြီးရော ရိုက်သာရိုက်ပါ ဆိုတာတွေတောင် ရှိတယ်။ မလိမ္မာလို့ ဆိုးသွမ်းလို့ အပြစ်ကျူးလွန်လို့ ဆုံးမတဲ့အနေနဲ့ ရိုက်နှက်ဆုံးမတာကို ဘာမှမပြောလိုပေမယ့် စာမရလို့ အမှတ်ကျလို့ ရိုက်နှက်ဆုံးမတာဟာ မိဘကပဲရိုက်ရိုက်၊ ဆရာ ဆရာမကပဲ ရိုက်ရိုက် မရိုက်စေချင်ပါဘူး။ အကြောင်းနဲ့ အကျိုးနဲ့ ရှင်းပြကာ ကလေးကို စိတ်ဓာတ်ခွန်းအား ရှိစေဖို့ တွန်းအားပေးတာမျိုးသာ ဖြစ်စေသင့်ပါတယ်။ 

ကလေးအနေနဲ့က အမှတ်ကောင်းမှ တက်လို့ရမယ့် ဆရာဝန်၊ အင်ဂျင်နီယာ စတာတွေသာ မဖြစ်ချင်ဘူး ဆိုရင် ကလေးတွေကို အတင်းဖိအား မပေးစေချင်ပါဘူး။ နောက် မြန်မာ့ပညာရေးစနစ်မှာ တက္ကသိုလ်ဝင်ခွင့်ဟာ စာမေးပွဲရမှတ် တစ်ခုတည်းကိုသာ သတ်မှတ်ထားဆဲ ဖြစ်တာကြောင့် ပိုလို့ အခက်တွေ့စေတာ ဖြစ်ပါတယ်။ တက္ကသိုလ်ဝင်တန်း အမှတ်ကောင်းလွန်းမှသာ မိမိလိုချင်တဲ့ တက္ကသိုလ်သင် ဘာသာရပ်ကို ကျောင်းသားဘက်မှ လျှောက်ထားကာ တက်ရောက်ခွင့် ရနိုင်တာ ဖြစ်ပြီးတော့ အမှတ်နည်းသူတွေက ရွေးကျန်ဘာသာရပ်တွေကို တက်ခွင့်ရကြတာ ဖြစ်နေပါတယ်။ ဒီတော့ အတန်းစဉ်၊ အတန်းဆက် အမှတ်ကောင်းအောင် ပြင်းပြင်းထန်ထန် မအိပ်မနေ လေ့ကျင့်ကျက်မှတ်ကြရပါတော့တယ်။ ဒီအခါမှာ လပတ်စာမေးပွဲတွေ၊ အခါအားလျော်စွာ ကျင်းပတဲ့ နှစ်လယ်စာမေးပွဲတွေမှာ မျှော်လင့်ထားသလို အမှတ်ကောင်း ထွက်မလာခဲ့ရင် မိဘ သို့မဟုတ် ဆရာ၊ ဆရာမ အချို့တွေက ကလေးကို ဖိအားပေးတာတွေ ရှိလာပါတယ်။ ကလေးတွေဟာ လွတ်လပ်ပေါ့ပါးစွာ၊ ပျော်ရွှင်တက်ကြွစွာ စာပေသင်ကြားရတာ မဟုတ်တော့ဘဲ မွန်းကြပ်ပိတ်လှောင်နေတဲ့ သင်ကြားမှု၊ လေ့ကျင့်မှုတွေကို ရင်ဆိုင်ကြရပါတယ်။ 

တကယ်တော့ ပညာသင်ကြားရေးဟာ အမှတ်ကောင်းရုံ၊ ဂုဏ်ထူးတွေ ထွက်ရုံမဟုတ်ပါဘူး။ အများသိပြီးသား ဖြစ်တဲ့ ‘ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ’ ဆိုတဲ့ ဗလငါးတန် ဖွံ့ဖြိုးရေးသာ ဖြစ်ပါတယ်။ ဒီဗလငါးတန် ဖွံ့ဖြိုးနေတဲ့ ကလေးဟာ သူဝါသနာပါရာ နေရာတစ်ခုခုမှာ အချိန်တန်ရင် ထွန်းပေါက်လာမှာပါ။ နောက် နာနာရိုက်မှ အိုးကောင်းထွက်တယ်ဆိုတဲ့ အိုးဖုတ်သည် ဥပမာလို မမှန်ကန်တဲ့ လော့ဂျစ်ကို အမှန်ထင်နေတာတွေလည်း ရှိပါတယ်။ ကျွန်တော် လက်မခံပါဘူး။ အိုးနဲ့လူ မတူပါဘူး။ အိုးဟာ သက်မဲ့ ဖြစ်ပြီး လူဟာစိတ်ခံစားမှု ရှိပါတယ်။ အရိုက်ခံရတဲ့အခါ ရှက်တတ်ကြတယ်။ အပျိုဖော်ဝင်စ၊ လူပျိုပေါက်ဖြစ်စ အရွယ် အထက်တန်းကျောင်းသား၊ ကျောင်းသူတွေ အတွက်ဆို ပိုဆိုးပါတော့တယ်။ အသားနာတာထက် စိတ်နာသွားရင် မကောင်းတော့ပါဘူး။ တွန်းအားပေးမှားရင် ကလေးမှာ စိတ်ဒဏ်ရာရပါမယ်။ စိတ်ဒဏ်ရာဆိုတာ အပြင်က မြင်ရတာ မဟုတ်တော့ ခန့်မှန်းရ ခက်ပါတယ်။ တချို့ကလေးတွေက ရိုက်နှက်လို့ အကြောက်တရားနဲ့ ပြောင်းလဲသွားပြီး မိဘဆန္ဒကို ဖြည့်ဆည်းပေးတာ ရှိကောင်းရှိနိုင်ပါတယ်။ 

ဒါပေမဲ့ တချို့ကလေးများဆိုရင် အရွဲ့တိုက်တဲ့ နည်းနဲ့ ဖောက်ထွက်တတ်ပါတယ်။ စာကို ပိုပြီးမကြိုးစားတော့တဲ့အပြင် အပေါင်းအသင်း မှားလို့ကတော့ မူးယစ်ဆေးဝါး သံသရာထဲတောင် ရောက်သွားတတ်ပါတယ်။ တချို့ထွက်ပေါက်ရှာ မှားတဲ့အခါ ကံမကောင်း အကြောင်းမလှရင် ကြိုးဆွဲချသေတာ၊ အဆိပ်သောက် သေတာတွေအထိ ဖြစ်လာပါတယ်။ ကျွန်တော့်အမြင်အရဆို ဖိအားပေးတယ် ဆိုတာကိုက မကောင်းပါ။ မကြိုက်ပါဘူး။ ဖိအားမပေးပါနဲ့ တွန်းအားပေးပါ။ ဝန်းရံကူညီပါ။ ကလေးရဲ့ မူလဝါသနာအခံက ဘာလဲဆိုတာ သိဖို့ကြိုးစားပါ။ လူဘဝမှာ ငွေကြေးဓနဂုဏ် ပြည့်စုံတိုင်း စိတ်ချမ်းသာတာ မဟုတ်ပါဘူး။ ကိုယ့်ဝါသနာ ခံယူချက် ယုံကြည်ချက်တွေနဲ့ ဖြတ်သန်းနေရမှသာ စိတ်ကျေနပ်မှု ရတာပါ။ ဒီတော့ ကလေးရဲ့ မူလခံယူချက်၊ ယုံကြည်ချက်၊ ဝါသနာကို သေချာလေ့လာပါလို့ မိဘတွေကို တိုက်တွန်းချင်ပါတယ်။                           

“ကလေးတွေရဲ့ စိတ်ထွက်ပေါက် အမှားဘက်ကို တွန်းပို့လိုက်သလို ဖြစ်သွားတတ်ပါတယ်”
ဦးအောင်ကျော်သူ (အထက်တန်း အင်္ဂလိပ်စာပြ ဆရာ၊ သက္ကလ အထက်တန်းကျောင်း၊ ကဝမြို့နယ်၊ ပဲခူးတိုင်းဒေသကြီး) 

ယခုတစ်လော လူမှုကွန်ရက်တွေမှာ ကျောင်းသားတွေ အထူးသဖြင့် ဆယ်တန်းကျောင်းသားတွေ ထွက်ပြေးတဲ့ သတင်းတွေ၊ ကိုယ့်ကိုယ်ကိုယ် သတ်သေတဲ့ သတင်းတွေ ကြားနေ၊ ဖတ်နေရတော့ စိတ်မကောင်း ဖြစ်ရပါတယ်။ စိုးရိမ်မိပါတယ်။ ဒီပြဿနာတွေက ဆယ်တန်းကျောင်းသား၊ ကျောင်းသူတွေ အဖြစ်များသလို ပြင်ပဘော်ဒါတွေမှာနေတဲ့ အဖြစ်အပျက်က ပိုများနေတာကို ဆရာတစ်ယောက် အနေနဲ့ရော မိဘတစ်ယောက် အနေနဲ့ရောပါ သတိထားမိပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ ဘယ်လို၊ ဘာကြောင့် ဖြစ်ရတယ်၊ ဘယ်လိုကာကွယ်မလဲ ဆိုတာ ကျွန်တော်တို့ အတွေ့အကြုံ၊ အမြင်ခံယူချက် ပေါင်းစပ်ပြောရရင် ဆရာ၊ မိဘနဲ့ ကျောင်းသား သုံးဦး သုံးဖလှယ် သတိထားသင့်တဲ့ အချက်တွေ တွေ့နိုင်ပါတယ်။ 

(၁) ဆရာများ အပိုင်းက ပြောရရင် ပညာရေး စိတ်ပညာအပိုင်းကို သတိထားပြီး သင်ကြား၊ ဆုံးမသွန်သင်၊ လေကျင့်ပေးသင့်ပါတယ်။ ဆရာဆိုတာ တပည့်အပေါ် စေတနာထားပြီး မအောင်ရင် အောင်အောင် သင်ကြားပေးလေ့ ရှိတတ်ပါတယ်။ ဒါပေမဲ့ ပညာရှိ သတိဖြစ်ခဲ ဆိုသလို စေတနာမှား ဖြစ်သွားတတ်ပါတယ်။ ပညာရေး စိတ်ပညာအရ ကလေးတစ်ယောက်ရဲ့ မသင်ယူမီ အခြေအနေ သင်ယူနေဆဲ၊ သင်ယူပြီး အခြေအနေများအရ စစ်ဆေးအကဲဖြတ် သင်ကြားလေ့ကျင့်ပေးရပါတယ်။ အခြေအနေမတူတဲ့ ကလေးရဲ့ အခြေခံဉာဏ်ရည်က ပစ်ပယ်ထားလို့ မရပါဘူး။ အတန်းထဲက လူ ၄၀ က ၄၀ လုံး အတူတူသင်ပြီး အတူတူ တတ်မြောက်ရမယ်လို့ ယူဆပြီး ဒေါသထွက်မယ်၊ ရိုက်မယ်၊ ဆုံးမမယ်၊ ဒဏ်ပေးမယ်ဆိုရင် မရတဲ့ ကလေးမှာ စိတ်ဒဏ်ရာတွေ အားငယ်အားပျက်စိတ်တွေ ဝင်သွားတတ်ပါတယ်။ အားပေးသင့်တာ အားပေး၊ ညံ့တဲ့သူ သင့်လာအောင်၊ သင့်တဲ့လူ တော်လာအောင်၊ တော်တဲ့လူ ထူးချွန်အောင် အဆင့်ဆင့် တက်သွားရပါလိမ့်မယ်။ ဒါကို သတိမထားမိဘဲ ငါသင်တိုင်းမရလို့ ပြောဆိုမှုတွေက ကလေးတွေရဲ့ စိတ်ထွက်ပေါက် အမှားဘက်ကို တွန်းပို့လိုက်သလို ဖြစ်သွားတတ်ပါတယ်။ ဆရာတွေရဲ့ ဆုံးမဒဏ်ခတ်မှုတွေကြောင့် စာဆက်မသင်ရဲ ထွက်ပြေး သတ်သေသွားတဲ့ ဖြစ်ရပ်တွေ ကြားဖူးလို့ အခုလို စေတနာစကား ပြောရခြင်းပါ ခင်ဗျ။ 

(၂) မိဘများအပိုင်းပါ။ မိဘများရဲ့ ဖြစ်လိုမှု စေတနာ အမှားတွေကြောင့်လည်း ဖြစ်သွားတတ်ပါတယ်။ တကယ့်ဖြစ်ရပ်မှန်တစ်ခု တွေ့ဖူးပါတယ်။ မိဘက သားလေး ဆယ်တန်းရောက်တော့ ဖြစ်လိုဇောနဲ့ ဘော်ဒါတစ်ခုကို ပို့တယ်။ မရှိတဲ့ကြားက ငွေရှာပေးတယ်။ သားဖြစ်သူက အရင်အတန်းတွေကတည်းက အခြေခံသိပ်မပါ။ ပင်ကိုက ဉာဏ်ရည်နိမ့်။ မိဘထားတော့ သူမနေချင်ဘဲ နေလိုက်ရတယ်။ ဘော်ဒါက မောင်းတယ်။ စာမေးတယ် စစ်တယ်။ ရိုက်တယ်။ စာမရရင် မအိပ်ရဘူး။ ပေးမအိပ်ဘူး။ သားက စိတ်ပျက်။ နေ့တိုင်း အရိုက်ခံ၊ ဒဏ်ပေးခံရတော့ စိတ်ပျက်ပြီး မနေချင်ဘူးဆိုတဲ့ အကြောင်း မိဘကို ပြောတယ်။ မိဘကလည်း ငွေသွင်းပြီးသားမို့ ချော့ကာတစ်မျိုး ခြောက်ကာတစ်မျိုး ဆက်နေစေတယ်။ ဒီလိုနဲ့ သုံးလလောက် ကြာတဲ့အခါ ကလေးက ဘော်ဒါက ထွက်ပြေးပါလေရော။ ဘယ်ရောက် ဘယ်သွားမှန်းမသိ။ မိဘများ အပူမီးတွေနဲ့ လိုက်ရှာရင်း နောက်ဆုံးမှ ပြန်တွေ့သွားတော့တယ်။ ဘာမှမလုပ် မဖြစ်သေးတာ ကံကောင်းသွားပါတယ်။ တကယ်တော့ ပညာရေး မျှော်မှန်းချက်ထားတယ် ဆိုပေမယ့် မိမိသားသမီးရဲ့ ဆန္ဒတိုက်တွန်းမှု လမ်းပြမှု အစဉ်လုပ်သွားမှ မှန်မှာပါ။ ဆယ်တန်းရောက်မှလည်း လုပ်လို့မရပါဘူး။ နောက် သားသမီးရဲ့ ကျန်းမာရေး စိတ်ခံစားမှုတွေကို အလေးထားသင့်ပါတယ်။ ပညာရေး မအောင်မြင်မှုထက် လောကအလယ် စိတ်ဒဏ်ရာရ ထင်ရာစိုင်းပြီး လုပ်ချင်ရာ လုပ်သွားတဲ့ ဆုံးရှုံးမှုက ပိုကြီးမားတာကို မိဘများ သတိချပ်သင့်ပါတယ်။ သားသမီး ပညာရေးအတွက်ဆို ငယ်စဉ်ထဲက ကြီးကြပ်ဆရာ ဆရာမများနဲ့ ပူးပေါင်းဆွေးနွေး အကြံပေးမှုတွေကို လက်ခံဆောင်ရွက်သင့်ပါတယ်။ 

(၃) တတိယက ကာကယံရှင် ကျောင်းသားများ အပိုင်းပါ။ ဆယ်ကျော်သက်အရွယ်မို့ စိတ်ထင်ရာစိုင်း စိတ်ကူးလွဲတွေ ရှိတတ်ပါတယ်။ သည်းခံနိုင်မှုတွေ ပျောက်၊ အထင်မှားမှုတွေ ရှိတတ်ပါတယ်။ မိဘ၊ ဆရာတွေရဲ့ စေတနာအပေါ် လွဲမှားမြင်ပြီး အရွဲ့တိုက်မှုတွေ လုပ်တတ်ပါတယ်။ တကယ်တော့ အတန်းတိုင်းမှာ အခြေခံကစ နားလည်မှု၊ တတ်မြောက်မှုတွေက နောက်ခရီးအတွက် အားဆေးသဖွယ်ပါပဲ။ နောက်တစ်ခုက မျှော်လင့်ချက်၊ ရည်မှန်းချက်တွေနဲ့ အလုပ်တစ်ခုကလည်း အားဆေးတစ်ခွက်လိုပါပဲ။ ဘဝခရီးမှာ မျှော်လင့်ချက်မဲ့ လျှောက်ရင်တော့ ခရီးမတွင်၊ လိုရာမရောက်နိုင်တာ အမှန်ပါ။ မျှော်လင့်ချက်က အလုပ်တွေကို တွန်းအားပေးပါတယ်။ စာကြိုးစားခြင်းက မိမိဘဝ တိုးတက်ရေး တင့်တယ်ရေးအတွက် အထောက်အကူ ပြုပါလိမ့်မယ်။ တစ်ခဏတာ ပင်ပန်းမှုက တစ်ဘဝတာ ကောင်းကျိုးနဲ့ယှဉ်ပြီး သည်းခံဖြေသိမ့် ကြိုးစားသင့်ပါတယ်။ မဖြစ်နိုင်တာမရှိ မဖြစ်သေးတာပဲ ရှိတယ်လို့ ခံယူထားရပါမယ်။ စာတွေ ဘာသာများစွာ လေ့လာကျက်မှတ်နေရတယ်။ ကျောင်းကတစ်မျိုး၊ ဘော်ဒါကတစ်မျိုး၊ မိဘကတစ်မျိုး၊ ဆရာတွေက တစ်မျိုး အမျိုးမျိုးတွေကြား သောကတွေ ဖြစ်နေတတ်ပါတယ်။ ဒါပေမဲ့ ဒါတွေအားလုံးက ကိုယ့်အတွက် ကိုယ်ကောင်းဖို့အတွက် စေတနာထား လုပ်ဆောင်နေကြတယ် ဆိုတာကိုတော့ နားလည်ပေးရမှာပါ။ စာသင်တဲ့အချိန် ဂရုစိုက်၊ စာကျက်တဲ့အချိန် စိတ်ဝင်တစား ကျက်မှတ်မယ်ဆိုရင် မှတ်ဉာဏ်ကောင်းတဲ့ အရွယ်တွေမို့ ကျိန်းသေကို တိုးတက်မှု ရရှိလာမှာပါ။ အစမ်းစာမေးပွဲတွေမှာ ကျရှုံးမှုတွေကလည်း စိတ်ပျက်စရာ မယူဆဘဲ နောင်အောင်မြင်မှုအတွက် ပြင်ဆင်စရာတွေ၊ အတွေ့အကြုံကောင်းတွေ ရသွားတာပါ။ လာမယ့် နောက်ဆုံးစာမေးပွဲမှာ ကိုယ့်ရဲ့အင်အား၊ ပေးလိုက်ရတဲ့အချိန်၊ မိဘတွေရဲ့ ငွေအရင်းအနှီးတွေကို စာမေးပွဲ အောင်မြင်မှုနဲ့ ပြန်လည်ရယူသွားရမှာပါ။ အခုလို ပင်ပန်းမှုတွေကို ၂ နှစ်အစား ဒီတစ်နှစ်ထဲနဲ့ ရှိသမျှအားနဲ့ အလဲထိုး အနိုင်ယူရမှာပါ။ ဒါကြောင့် ကျောင်းသားလူငယ်များကလည်း မိဘ၊ ဆရာတွေရဲ့ စေတနာစကား စေတနာထား လုပ်ဆောင်ပေးနေတာတွေကို ကျေးဇူးတင်စွာနဲ့ ကိုယ့်အတွက် ကိုယ်ကြိုးစားနေရတာလို့ ခံယူရင်း လာမယ့် နောက်ဆုံးစာမေးပွဲကို ကျော်ဖြတ်သွားကြပါလို့ တိုက်တွန်းချင်ပါတယ်။    

နေဇာကျော်


ABOUT AUTHOR

(နေဇာကျော်)