News

POST TYPE

POPULAR POST

ပညာတံခါး ဖွင့်ပေးပြီးပြီလား
19-Jan-2019

လူငယ်ဆိုသည်မှာ အင်အားအပြည့် ဘဝအနေအထားတစ်ခုကို ပိုင်ဆိုင်ထားသူများဖြစ်သည်။ ကြီးကြီးတွေး၊ အကောင်းဆုံးမျှော်လင့်၊ အနာဂတ်ကို အမြင့်ဆုံး တည်ဆောက်လိုသူများ ဖြစ်ကြသည်။ လူငယ်ပီပီ အိပ်မက်တွေကို အင်တိုက်အားတိုက် အကောင်းဆုံး အကောင်အထည်ဖော်နိုင်ကြသည့်အရွယ်ဟု ဆိုရမည်။ 

လူငယ်ဘဝတွင် ပြောင်းလဲမှုကို လိုလားသလို၊ ပြောင်းလဲလိုစိတ်များလည်းရှိကြသည်။ ရုပ်ဝတ္ထုပစ္စည်း အပြောင်းအလဲတွေကိုလည်း နှစ်သက်သည်။ စိတ်ဓာတ်ရေးရာ ပြုပြင်ပြောင်းလဲရန်လည်း နှစ်သက်ကြသည်။ တရားသေသဘောတရားများနှင့် တရားသေအစွဲများကို မုန်းတီးတတ်သည်မှာ လူငယ်သဘာဝဖြစ်သည်။ 

လူငယ်တို့သည် လူ့ဘောင်အဖွဲ့အစည်းတစ်ခု၏ အခြေခံအလွှာများဖြစ်သည်။ သူတို့သည် နုရာမှ ရင့်ကျက်သွားကြရမည့်သူများလည်း ဖြစ်သည်။ ထို့ကြောင့် သူတို့ကို လုပ်ပိုင်ခွင့်နှင့် နေရာသတ်မှတ်ပေးထား ရန်လိုသည်။ မယုံကြည်သဖြင့် မခိုင်း၊ မခိုင်းချင်၍ နေရာမပေးချင်၊ နေရာမပေးချင်သောကြောင့် ပစ်ပယ်ထားလိုက်လျှင် တိုင်းပြည် သို့မဟုတ် လူ့ဘောင်သာ ဆုံးရှုံးရမည်ဖြစ်သည်။

လူငယ်တွေကို မွေးထုတ်ပေးပြီး ပညာမသင်ပေးခြင်းမှာ၊ ကျည်ဆန်မပေးဘဲ သေနတ်ထုတ်ပေးထားသလို ဖြစ်နေသည်။ ဝန်ထုပ်ဝန်ပိုးကြီးတစ်ခုကို လက်ထဲထည့်ပေးထားပြီး စောင့်ရှောက်ခိုင်းထားသလို ဖြစ်နေသောကြောင့် မည်သူ့အတွက်မျှလည်း အကျိုးရှိစရာမမြင်။ ပစ်မရသည့်သေနတ်ကို လက်ထဲထည့် ပေးထားမည့်အတူတူ၊ ရိုက်နိုင်သည့် တုတ်တစ်ချောင်း ထည့်ပေးထားခြင်းကမှ အကျိုးရှိပေလိမ့်ဦးမည်။

လူတိုင်း မွေးလာကတည်းက ပညာရေးနှင့် တစ်နည်းမဟုတ်တစ်နည်း ပတ်သက်နေတတ်ပါသည်။ လူနှင့် ပညာရေးဆိုသည်မှာ ပိုက်ဆံတစ်ပြား၏ ခေါင်းနှင့်ပန်းလိုဖြစ်ပါသည်။ ပညာတတ်လျှင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်အားကိုးစိတ်များ ဝင်လာမည်။ စိတ်ဓာတ်ခွန်အား တောင့်တင်းသန်မာမည်၊ ကျန်းမာပျော်ရွှင်စွာ နေထိုင်တတ်မည်။ အမှန်တရားကိုမြတ်နိုးပြီး အမှန်အတိုင်း လုပ်ကိုင်ချင်စိတ်များ ပေါ်ပေါက်လာတတ်သည်။ ပညာရေးသည်သာ ယင်းသို့စိတ်ဓာတ်ခွန်အားများ ဖြစ်လာစေရန် လုပ်ဆောင်ပေးနိုင်ပါသည်။

ပညာတတ်လာလျှင် ဘာလုပ်သင့်သည်၊ ဘာလုပ်ရမည်ဆိုခြင်းကို ကိုယ်တိုင်ပိုင်းဖြတ်ကာ ဆုံးဖြတ်ဝေဖန်လာနိုင်ပါလိမ့်မည်။ ပညာကြောင့် ကျွမ်းကျင်လာလိမ့်မည်။ ကိုယ်တတ်သည့်ပညာဖြင့် ကိုယ့်အတွက် သာမက မိသားစုအတွက်၊ လူ့ဘောင်အဖွဲ့အစည်းအတွက်၊ နိုင်ငံတော်အတွက် ကျရာတာဝန်ကို ထမ်းဆောင်ရမည်မှန်း အလိုလိုသဘောပေါက်ကာ တာဝန်သိသူ၊ တာဝန်ရှိသူတစ်ဦးအဖြစ် ခံယူလာစေနိုင်သည်။

ယနေ့ကမ္ဘာသည် အသိပညာကို အခြေခံသည့် ပညာလောက၊ ပညာကမ္ဘာ၊ ပညာခေတ်ဟု သတ်မှတ်ရမည့်ခေတ်တစ်ခေတ်ဖြစ်လာသည်။ ထို့ကြောင့် လူငယ်တိုင်းသည် အတတ်ပညာ၊ အသိပညာများဖြင့် ကိုယ့်ကိုယ်ကိုယ်လည်းတည်ဆောက်၊ အများကောင်းကျိုးလည်း လုပ်ဆောင်ကြရန် လိုအပ်သည်။

ပညာက လူငယ်တို့၏ အတွေးအမြင်များကို ပြုပြင်ပြောင်းလဲပေးသွားပါလိမ့်မည်။ ထို့ကြောင့် ပညာတတ်ဖြစ်ရန် ကိုယ်တိုင်ကသာ ပညာသင်လိုစိတ်ကို ဦးစွာပြုစုပျိုးထောင်ပေးရန် လိုပါသည်။ ထိပ်ကိုရောက်ရန် အောက်ခြေက အဆင့်ဆင့်တက်ရသည်။ ပညာရရန် ဖြတ်လမ်းမရှိပါ။ အဆင့်ဆင့် မြင့်တက်သွားစေရန် ကြိုးစားမှသာ ပညာဖြင့် ထိပ်တန်းကိုရောက်နိုင်သည်။

ကလေးများကို ကျောင်းပို့သည်ဆိုခြင်းမှာ အနာဂတ်အတွက် ပိတ်ထားသောတံခါးများကို ဖွင့်ပေးလိုက်ခြင်း ဖြစ်ပါသည်။ အမှောင်ချခံထားရသည့် အခန်းထဲမှ ကလေးများကို အလင်းကမ္ဘာထဲလွှတ်လိုက်ခြင်းကြောင့် သူတို့ မည်မျှပျော်ရွှင်နေမည်နည်း။ သူတို့ပတ်ဝန်းကျင်ကို တွေ့ပါစေ၊ လေ့လာပါစေ၊ ပျော်ရွှင်ကြည်နူးပါစေ၊ ကျောင်းရောက်ပါစေ၊ လေ့လာပါစေ၊ သင်ယူပါစေ၊ ဖွံ့ဖြိုးပါစေ၊ တိုးတက်ပါစေဆိုသည့် စိတ်ထားမျိုးများရှိရန်အတွက် ပထမဆုံး တံခါးဖွင့်ပေးလိုက်ရန်လိုပါသည်။

ပညာရေးသည် လူငယ်တို့၏လမ်းတစ်ခုဖြစ်သည်။ လမ်းအသွယ်သွယ် သူတို့ကို ရွေးချယ်လျှောက်လှမ်းခွင့်ပေးရမည်။ သူတို့စိတ်ဝင်စားသည့်လမ်းကို သူတို့လျှောက်စေခြင်းက အကောင်းဆုံးဖြစ်သည်။ သူတို့လမ်း သူတို့ဖောက်၊ သူတို့လျှောက်သည့်လမ်းကို ပန်းတိုင်ရောက်အောင်လျှောက်နိုင်ရန် အားပေးဖို့လိုသည်။ ပညာရေးက သူတို့ရွေးချယ်လျှောက်လှမ်းသည့် လမ်းအတွက် တွန်းအားဖြစ်စေသည်။ လမ်းမှန်ကိုလျှောက်ရန် ခွန်အားသတ္တိများကိုလည်း ဖြစ်စေနိုင်သည်။

ယနေ့လူငယ် နောင်တွင်လူကြီး၊ အနာဂတ်ကို ဦးဆောင်မည့်သူများဖြစ်သည်ကို မေ့မထားသင့်ပါ။ ထို့ကြောင့် အနာဂတ်တွင် ခေါင်းဆောင်မည့်သူများကို ပညာကောင်းစွာတတ်စေရန် လေ့ကျင့်ပျိုးထောင် ပေးလိုက်ရန် တာဝန်ရှိကြောင်း မေ့မထားသင့်ပါ။ ပညာရေးသည် “အပေး-အယူ”အနေအထားတစ်ခုကို ဖန်တီးပေးပါလိမ့်မည်။ ပညာရေးဆိုသည်မှာ မျိုးဆက်တစ်ဆက်မှတစ်ဆက်သို့ လက်ဆင့်ကမ်းပေးရခြင်းဖြစ်သည်။ ထို့ကြောင့် လက်ရှိမျိုးဆက်ညံ့လျှင် နောက်မျိုး ဆက်ညံ့မည်သာဖြစ်သည်။ ပခုံးပြောင်းတာဝန်ဆိုသည့် သဘောတရားကို ခံယူထားရန် အရေးကြီးသည်။ ယနေ့ကောင်းမှ အနာဂတ်ကောင်းမည်ဖြစ်သည်။

ပညာရေးသည် စိတ်ဓာတ်များကို ပြုပြင်ပြောင်းလဲပေးနိုင်သည်။ ပညာမတတ်သူသည် အမှား၊ အမှန်၊ အကောင်း၊ အဆိုး ဝေဖန်ပိုင်းခြားနိုင်ခြင်းမရှိ။ ပြောတိုင်းယုံ၊ ခိုင်းတာလုပ်မည့် အနေအထားကို ရောက်သွားမည်။ ပညာမတတ်သူများလာလျှင် မကောင်းမှုကို လမ်းကြောင်းပြောင်းပေးမည့်သူများ ဦးဆောင်မှုနောက်ကို လိုက်သွားစေနိုင်သည်။ နိုင်ငံနှင့်လူမျိုးတိုးတက်စေလိုလျှင် လူတိုင်းပညာတတ်ရေးနှင့် အရည်အသွေးပြည့်မီသည့်ပညာရေးကို လူငယ်တိုင်း သင်ယူနိုင်ရေးအား ဦးစားပေး လုပ်ဆောင်ရမည်ဖြစ်သည်။ တိုင်းပြည်ကို ကိုယ်ကျိုးအတွက် အမြတ်ထုတ်လိုသူများသည်သာ လူငယ်တွေကို မျက်စိမပွင့်၊ နားပိတ်အောင် ကြံဆောင် အားထုတ်တတ်ကြသည်။ တစ်နည်းဆိုရလျှင် ပညာများများမတတ်စေရန် ကြံဆောင်ပေးခြင်းဖြင့် သိမ်းပိုက်ချုပ်ကိုင်နိုင်စေရန် အားထုတ်ကြသည်။ ထို့ကြောင့် လူငယ်နှင့် အမျိုးသမီးများကိုချုပ်ကိုင်ပြီး ပညာမတတ်အောင် လုပ်ထားတတ်ကြသည်။

ပညာရေးဆိုသည်မှာ ဖွံ့ဖြိုးတိုးတက်မှု အားလုံး၏ကြားခံဖြစ်သည်။ လူငယ်များကို ပညာတတ်အောင် လုပ်ပေးခြင်းမှာ စိတ်ဓာတ်သာမက ကိုယ်ကာယကိုပါ ကြံ့ခိုင်ဖွံ့ဖြိုးအောင် ကြံဆောင်ပေးခြင်းဖြစ်သည်။ ပညာရေးက ဆင်းရဲမွဲတေခြင်းကို ပပျောက်စေနိုင်ပါသည်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်ခြင်း၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ခြင်း၊ နိုင်ငံတွင် ဆင်းရဲမွဲတေမှု လျှော့ချခြင်းတို့မှာ ပညာတတ်များများ မွေးထုတ်နိုင်ခြင်းတို့နှင့် ဆက်စပ်နေပါသည်။ ပညာရေးကလွဲပြီး ကုစားမရနိုင်သည့် သဘောတရားများ ဖြစ်ပါသည်။

အနာဂတ်တွင် လူငယ်များကို ဦးဆောင်နိုင်စွမ်းရှိသူများ၊ ခေါင်းဆောင်နိုင်စွမ်းရှိသူများ၊ ဆုံးဖြတ်ချက်ကို ပိုင်နိုင်စွာ ချနိုင်သည့်သူများဖြစ်စေရန် ပညာမည်မျှ သင်ပေးပြီးပြီနည်းဟု ပြန်မေးရပါလိမ့်မည်။ တိုင်းပြည် မတိုးတက်၊ ခေတ်မမီ၊ နောက်ကျနေပါသည်ဆိုလျှင် လူငယ်များအတွက် ပညာကောင်းကောင်း သင်ယူနိုင်ခွင့်များ ပေးပြီးပြီလားဟု ပထမဆုံးမေးသင့်သည်။

E-01