POST TYPE

POPULAR POST

ဒဂုံအရှေ့တွင် နှစ်လောင်းပြိုင် လူသတ်မှုဖြစ်
19-Jan-2019

ရန်ကုန်၊ ဇန်နဝါရီ ၁၉

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံအရှေ့မြို့နယ်ရှိ (၁၅၆) ရပ်ကွက်၊ သလ္လာဝတီလမ်းတွင် ဇန်နဝါရီလ ၁၈ ရက် ညနေပိုင်းက နှစ်လောင်းပြိုင် လူသတ်မှုဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

လူသတ်မှုကျူးလွန်ခဲ့သူဟုဆိုသော အသက် ၄၃ နှစ်အရွယ် ရဲလင်းထွန်းမှာ သလ္လာဝတီလမ်းတွင်နေထိုင်သူဖြစ်ပြီး အခင်းဖြစ်နေ့ ညနေ ၄ နာရီခန့်က အရက်သေစာ သောက်စားပြီးနောက် ဇနီးဖြစ်သူကို ဆဲဆိုရန်ရှာနေသဖြင့် အိမ်နီးချင်းဖြစ်သူ အသက် ၄၃ နှစ် ဒေါ်မေသဇင်ရှိန်က ဝင်ရောက်ဟန့်တားခဲ့ရာမှ နှစ်လောင်းပြိုင် လူသတ်မှုစတင်ခဲ့ခြင်းဖြစ်သည်။

“ပြစ်မှုကျူးလွန်သူက လမ်းပေါ်ထွက်ပြီး သူ့မိန်းမကိုအော်ဟစ်ဆဲဆိုနေလို့ အိမ်နီးချင်းဖြစ်သူ ဒေါ်မေသဇင်ရှိန်က ဝင်ရောက်ဟန့်တားခဲ့တယ်။ သူ့ကိုဝင်တားရပါ့မလားဆိုပြီး ဒေါ်မေသဇင်ရှိန်ကိုပါ ထပ်ရန်ပြုတယ်။ ဒေါ်မေသဇင်ရှိန်ရဲ့ မိဘနှစ်ပါးကပါဝင်တားတော့ ပြစ်မှုကျူးလွန်သူက သူ့အိမ်ပြန်သွားတယ်။ သိပ်မကြာဘူး။ ကိုင်းခုတ် ဓားရှည်ယူလာပြီး ဒေါ်မေသဇင်ရှိန်တို့ သားအမိ သားအဖ သုံးယောက်ကို ဓားနဲ့ဆင့်ခုတ်ခဲ့တာ။ တရားခံကို ဖမ်းဆီးအရေးယူထားပါတယ်”ဟု ဒဂုံအရှေ့မြို့မ ရဲစခန်းမှူး ဒုရဲမှူး ကိုကိုလွင်က ရှင်းပြသည်။

ဓားရှည်ဖြင့် ဆင့်ခုတ်ခံရမှုကြောင့် ဒေါ်မေသဇင်ရှိန်မှာ ညာပါးပြတ်ရှဒဏ်ရာတစ်ချက်၊ ဘယ်လက်မောင်းပြတ်ရှ ဒဏ်ရာတစ်ချက်၊ ညာတံတောင်ဆစ် ပြတ်ရှဒဏ်ရာတစ်ချက်၊ နောက်ကျောတွင် ပြတ်ရှဒဏ်ရာသုံးချက်ဖြင့် သလ္လာဝတီလမ်းပေါ်တွင် လဲကျသေဆုံးခဲ့ပြီး ၎င်း၏ဖခင်ဖြစ်သူ အသက် ၆၀ နှစ် ဦးတင်ရှိန်မှာ လည်ပင်းပြတ်ရှဒဏ်ရာတစ်ချက်ဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးခဲ့သည်။

ယင်းအပြင် ဒေါ်မေသဇင်ရှိန်၏ မိခင်ဖြစ်သူ အသက် ၆၀ နှစ် ဒေါ်တင်တင်မှာလည်း ဦးခေါင်းနောက်စေ့ ပြတ်ရှဒဏ်ရာတစ်ချက်၊ ဘယ်ညာတံတောင်ဆစ်တို့တွင် ပြတ်ရှဒဏ်ရာများ ရရှိခဲ့သဖြင့် မြောက်ဥက္ကလာပဆေးရုံတွင် အတွင်းလူနာ(စိုးရိမ်ရ)အဖြစ် ဆေးကုသမှုကိုခံယူနေရပြီး လူသတ်မှုကျူးလွန်သူကို အမှုဖွင့်အရေးယူပေးပါရန် ဒေါ်မေသဇင်ရှိန်၏ခင်ပွန်းဖြစ်သူ ဦးကျော်မင်းသိန်းက တရားလိုပြု တိုင်ကြားထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

“ဒေါ်မေသဇင်ရှိန်ရဲ့ ခင်ပွန်းဖြစ်သူက မောရဝတီလမ်းမှာ ထမင်းဆိုင်ဖွင့်ထားတယ်။ သူဆိုင်မှာ ဈေးရောင်းနေချိန် နေအိမ်မှာ ကျန်ခဲ့တဲ့သူ့ဇနီးနဲ့ယောက္ခမတွေကို အိမ်နီးချင်းဖြစ်သူက ဓားနဲ့ခုတ်သွားတာ။ အရက်မူးပြီးလမ်းပေါ်ထွက် မိန်းမကို အော်ဟစ်ဆဲဆိုနေလို့ သေဆုံးသူ ဒေါ်မေသဇင်ရှိန်က ရပ်ကွက်ထဲမှာနေပြီး ဒီလိုအော်ဟစ်ဆဲဆိုနေတာ မသင့်တော်ဘူး။ ဝင်ပြောရာက စကားများပြီး ဓားနဲ့ခုတ်သတ်ခံရတာ”ဟု (၁၅၆) ရပ်ကွက်တွင်နေထိုင်သူ အမျိုးသားက ရှင်းပြသည်။

အဆိုပါ လူသတ်မှုဖြစ်စဉ်နှင့်ပတ်သက်ပြီး ရဲလင်းထွန်းကို ဒဂုံအရှေ့မြို့မ ရဲစခန်းမှ (ပ) ၅၉/ ၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/ ၃၂၆ ဖြင့် အမှုဖွင့် အရေးယူ ဖမ်းဆီးထားသည်။

S-03