POST TYPE

POPULAR POST

သုံးစွဲရန်မသင့်သည့် အလှကုန်ပစ္စည်းသုံးမျိုး ထုတ်ပြန်
15-Jan-2019



ရန်ကုန်၊ ဇန်နဝါရီ ၁၅

အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA) က ပြည်တွင်း၌ရောင်းချလျက်ရှိသည့် အလှကုန်ပစ္စည်းများကိုစစ်ဆေးခဲ့ရာ အလှကုန်ပစ္စည်း သုံးမျိုးတွင် FDA တွင် မှတ်ပုံတင်ထားခြင်းမရှိသည့်အပြင် ကျန်းမာရေးအတွက် ဘေးအန္တရာယ်ဖြစ်စေနိုင်သည့် တားမြစ်ဓာတုပစ္စည်း မာကျူရီ (Mercury) ပါဝင်နေသည်ကို တွေ့ရှိရကြောင်း ယင်းဌာနက ထုတ်ပြန်သည်။

ဂျပန်စာဖြင့်ဖော်ပြထားသည့် Anti-Freckle Freckle removing cream၊ Thailand က ထုတ်လုပ်ထားသည့် SMIZE Whitening Night Cream နှင့် P-Vita Melasma Cream တို့တွင် Mercury ပါဝင်နေသည်ကို စစ်ဆေးတွေ့ရှိရသဖြင့် အများပြည်သူသုံးစွဲရန် မသင့်ကြောင်း ထုတ်ပြန်ထားသည်။

အဆိုပါ တားမြစ်ဓာတုပစ္စည်းဖြစ်သည့် Mercury သည် အရေပြားယားယံခြင်း၊ ရောင်ရမ်းခြင်း၊ အဖြူအနီကွက်များဖြစ်ခြင်း၊ အရေပြားမှတဆင့် ခန္ဓာကိုယ်အတွင်းသို့ စုပ်ယူ၍ ထုံကျင်ခြင်း၊ ကြွက်သားတုန်ခါခြင်း၊ ပင်ပန်းနွမ်း နယ်ခြင်း၊ ခေါင်းကိုက်ခြင်းနှင့် စိတ်ကျရောဂါများအပြင် ရေရှည်သုံးစွဲပါက ကျောက်ကပ်ပျက်စီးခြင်းနှင့် အခြားသောရောဂါများကို ဖြစ်ပွားစေနိုင်ကြောင်း FDA ထံမှ သိရသည်။

ထိုကဲ့သို့ အလှကုန်ပစ္စည်းများ တင်သွင်းဖြန့်ဖြူးရောင်းချသည့် ကုမ္ပဏီနှင့် လက်လီလက်ကားဆိုင်များသည် FDA တွင် မှတ်ပုံတင်ထားခြင်းမရှိသော အများပြည်သူသုံးစွဲရန် မသင့်တော်သည့် အလှကုန်ပစ္စည်းများကို တင်သွင်းဖြန့်ဖြူးရောင်းချခြင်းများကို ကျင့်ဝတ်အရ လုံးဝမပြုလုပ်ရန်နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါက သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းက ပြည်သူ့ကျန်းမာရေးဆိုင်ရာ ဥပဒေ ပုဒ်မ ၃၊ အပိုဒ် (၃) (ဃ) အရ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း အသိပေးထားသည်။

J-12

ဓာတ်ပုံ-FDA