News

POST TYPE

POPULAR POST

အိမ်ထောင်ရေးဖောက်ပြန်သည်ဆိုကာ ဇနီးဖြစ်သူ ဆရာမကို ခင်ပွန်းက ဓားဖြင့် ခုတ်သတ်
08-Jan-2019
မန္တလေး၊ ဇန်နဝါရီ ၈

မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့နယ် ချောင်းကြီးကျေးရွာ အထက်တန်းကျောင်းမှ ကျောင်းဆရာမတစ်ဦးကို အိမ်ထောင်ရေး ဖောက်ပြန်သည်ဟုဆိုကာ ဇန်နဝါရီလ ၇ ရက်တွင် ၎င်း၏ ခင်ပွန်းဖြစ်သူက ဓားဖြင့်ခုတ်သတ်ခဲ့ကြောင်း ချောင်းကြီးကျေးရွာဒေသခံများထံမှ သိရသည်။

“သံသယများရာက ဖြစ်တယ်လို့တော့ ယူဆပါတယ်”ဟု ချောင်းကြီးကျေးရွာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရပ်ကျေးဥက္ကဋ္ဌ ဦးစန်းယုက ဆိုသည်။

အသက် ၃၆ နှစ်ရှိ အထက်တန်းပြဆရာမ ဒေါ်မိုးမိုးမေဇင်သည် ၎င်း၏ခင်ပွန်းဖြစ်သူ အသက် ၂၉ နှစ်ရှိ ဦးဇေယျာအောင်နှင့် စကားများရန်ဖြစ်စဉ် “ငါ့လုပ်စာ ငါ စားနေတာ။ ယောက်ျားပေါတယ်”ဟု ပြောဆိုသည်ကို ဒေါသဖြစ်ကာ ဓားနှင့်ခုတ်ခဲ့ခြင်းဖြစ်ကြောင်း ပြစ်မှုကျူးလွန်သူ ဦးဇေယျာအောင်က ရဲတပ်ဖွဲ့ထံ အကြောင်းကြားစဉ် ပြောဆိုခဲ့ကြောင်း သပိတ်ကျင်းရဲတပ်ဖွဲ့ထံမှ သိရသည်။

ပြစ်မှုကျူးလွန်သူ ဦးဇေယျာအောင်ကိုယ်တိုင်ပင် ဆရာမ တာဝန်ထမ်းဆောင်ရာ ချောင်းကြီးကျောင်းအုပ်နှင့် ရဲတပ်ဖွဲ့တို့ထံ ဆက်သွယ်အကြောင်းကြားကာ ဖမ်းဆီးခံခဲ့ခြင်းဖြစ်ကြောင်း ဦးစန်းယုက ထပ်လောင်းပြောကြားသည်။

အဆိုပါအမှုနှင့်ပတ်သက်၍ ဦးဇေယျာအောင်ကို သပိတ်ကျင်းမြို့မရဲစခန်းက ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂ (လူသတ်မှု)ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

M-04