News

POST TYPE

POPULAR POST

လှိုင်သာယာတွင် Taxi ယာဉ်မောင်းနှင့် ခရီးသည်ကို လူတစ်စုက ဓား၊ ဝက်အူလှည့်တို့ဖြင့် ဝိုင်းထိုး
08-Jan-2019

ရန်ကုန်၊ ဇန်နဝါရီ ၇

လှိုင်သာယာမြို့နယ်၊ အလယ်ရွာရှိ ဗိုလ်အောင်ကျော်လမ်းတွင် ဇန်နဝါရီလ ၅ ရက် နံနက်ပိုင်းက ပရိုဘောက် အငှားယာဉ်မှ ယာဉ်မောင်းနှင့် ယင်းယာဉ်ပေါ်ပါ ခရီးသည် အမျိုးသားတစ်ဦးကို အမျိုးသား လေးဦးက ဓား၊ ဝက်အူလှည့်များဖြင့် ဝိုင်းထိုးသဖြင့် ခရီးသည်မှာ သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

သေဆုံးသူ ကိုသူရမှာ ယင်းနေ့ နံနက် ၉ နာရီခွဲက ကိုကျော်ကြီးနှင့်အတူ လှိုင်သာယာမြို့နယ်၊ (၆) ရပ်ကွက်ရှိ ၎င်း၏ နေအိမ်သို့ ပရိုဘောက် အငှားယာဉ်ဖြင့် ပြန်လာစဉ် အလယ်ကျေးရွာ၊ ဗိုလ်အောင်ကျော်လမ်းအရောက် အငှားယာဉ်၏ရှေ့ ဆိုင်ကယ်တစ်စီးမှ ကန့်လန့်ပိတ်ရပ်ပြီး ယာဉ်မောင်းကို ဆိုင်ကယ်မောင်းသူ အမျိုးသားက ဆဲဆိုခဲ့ကြောင်း အမှုဖွင့် တိုင်ကြားချက်အရ သိရသည်။

“တက္ကစီနဲ့ ဆိုင်ကယ် လမ်းလုမောင်း ရာက စကားများကြတာ။ ဆိုင်ကယ်မောင်း သူက ကားပေါ်ပါ ခရီးသည်ကို လက်သီးနဲ့ စထိုးတယ်။ ခရီးသည်ကလည်း ကားတံခါး ဖွင့် အောက်ဆင်းပြီး လက်သီးနဲ့ ပြန်ထိုးတော့ ဆိုင်ကယ်မောင်းသူက သူ့အဖွဲ့ကို ဖုန်းဆက်လှမ်းခေါ်လိုက်တယ်။ အမျိုးသားသုံးယောက် ဆိုင်ကယ်နဲ့ ချက်ချင်း ရောက်လာပြီး ကားသမားနဲ့ ခရီးသည် အမျိုးသား တစ်ဦးကို ဓား၊ ဝက်အူလှည့်တွေနဲ့ ဝိုင်းထိုးကြလို့ တစ်ယောက်သေပြီး တစ်ယောက်က ဒဏ်ရာ ပြင်းပြင်းထန်ထန်ရခဲ့တယ်။ ကားပေါ်ပါ ခရီးသည် နောက်တစ်ယောက်က လိုက်တောင်းပန်လို့ သူ့တော့ဘာမှ လုပ်မသွားရှာဘူး”ဟု ရဲအရာရှိက ရှင်းပြသည်။ 

ရင်အုံထိုးသွင်း ဒဏ်ရာရခဲ့သူ ကိုသူရမှာ အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ပြီး ပရိုဘောက် အငှားယာဉ်မောင်း ဦးခင်ဝင်းမှာ ဝမ်းဗိုက်ထိုးသွင်း ဒဏ်ရာတစ်ချက်၊ လည်ပင်းနှင့် ဘယ်ဘက် နံစောင်းတွင် ပြတ်ရှဒဏ်ရာ တစ်ချက်စီရရှိခဲ့ကြောင်း၊ ပြစ်မှုကျူးလွန်သူလေးဦးမှာ ဝင်းကို၊ ပါကျဲ၊ ဝတုတ်နှင့် အောင်အောင်တို့ ဖြစ်ကြောင်း စုံစမ်းသိရှိရသဖြင့် လှိုင်သာယာမြို့မရဲစခန်းက ပ ၅၆၁၉ ရာဇသတ်ကြီး ပုဒ်မ ၃၀၂/၃၂၆/၁၁၄ ဖြင့် အမှုဖွင့်၍ ဖမ်းဆီးအရေးယူနိုင်ရန် စုံစမ်းဆောင် ရွက်နေကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03