POST TYPE

POPULAR POST

စက်သုံးဆီ ဈေးတက်ခြင်းအပေါ် အငှားယာဉ်မောင်းအချို့၏ အမြင်များ
25-Oct-2016
အမေရိကန်ဒေါ်လာ လဲလှယ်နှုန်းထား မြင့်တက်ခြင်းနှင့် စင်ကာပူနိုင်ငံမှ ပြည်တွင်းသို့ တင်သွင်းရောင်းချသည့် ပြည်ပစက်သုံးဆီဈေးနှုန်း မြင့်တက်ခြင်းကြောင့် ပြည်တွင်းစက်သုံးဆီဈေး မြင့်တက်လာခြင်းအပေါ် အငှားယာဉ်မောင်းအချို့၏ အမြင်များကို The Voice က စုစည်းဖော်ပြအပ်ပါသည်။

“ကိုယ့်ရမယ့်အမြတ်ကို ဆီထဲကို ပြန်ထည့်လိုက်ရတဲ့ သဘော ဖြစ်သွားတာပေါ့”
ဦးဖြိုးသက်ပိုင် (အငှားယာဉ်မောင်း)

ဈေးတက်တာတော့ တချို့ဆိုင်တွေဆိုရင် အရင်ကထက် တစ်လီတာကို ၁၀၀ လောက် တက်နေပြီ။ ဈေးတက်တော့ အရင်က တစ်သောင်းဖို့ ထည့်ထားရင် တစ်နေ့လုံး ကားဆွဲလို့ရင် အခုက မရတော့ဘူး။ အခုက လမ်းကလည်း ကျပ်သေးတယ်။ ခရီးသည်ကလည်း Air con ဖွင့်ပေးတဲ့ ကားလောက်ပဲ စီးချင်ကြတယ်။ ဆီဈေးတက်လို့ ကားခကျတော့ တက်လို့မရဘူး။ အကုန်လုံး ကျပ်တည်းနေတာပဲလေ။ ခရီးသည်ကလည်း သူစီးနေကျ ခရီးကို ပုံမှန်ဈေးလောက်ပဲ ပေးချင်ကြတာ။ ဈေးပိုတောင်းလို့ မရပါဘူး။ ဆီက တက်တဲ့အခါကြရင် တစ်ရက်ကို ၁၀၊ ၂၀ ဆက်တိုက်တက်နေတာ။ ပြန်ကျရင်သာ ကြာတာ။ အခုက ဆီဈေးတက်တော့ ကိုယ်တွေရမယ့် အမြတ်နည်းသွားတာပေါ့။ ကိုယ့်ရမယ့်အမြတ်ကို ဆီထဲကို ပြန်ထည့်လိုက်ရတဲ့ သဘော ဖြစ်သွားတာပေါ့။ အရမ်းကြီး အခက်အခဲ ဖြစ်သွားတယ့် အနေအထားတော့ မရှိပါဘူး။   

“တက်တဲ့အခါကျရင် တက်ဈေးအတိုင်း ဘာကြောင့်တက်တယ်၊ အကြောင်းအမျိုးမျိုး ပြတယ်”
ဦးတင်ဝေ (အငှားယာဉ်မောင်း)

ဆီဈေးသာ တက်နေတာ။ ကားခဈေးကျတော့ မရပါဘူးဗျာ။ သဘောက တန်ရာတန်ကြေးပဲ တောင်းတာ။ သုံးထောင်လမ်းကို သုံးထောင်တောင်းတာ။ ဒါပေမဲ့ ခရီးသည်က အရင်တုန်းက ဆီဈေးကျတဲ့ အတိုင်းအတာတုန်းက သွားတဲ့နှုန်းထားကို မှတ်ထားတယ်။ အခုလက်ရှိ ဆီဈေးက တစ်နေ့တခြား တက်နေတယ်။ တက်နေတဲ့အတွက် ကျွန်တော်တို့အတွက် အဆင်မပြေဘူး။ ဒီဇယ်က အခုဆိုရင် တစ်လီတာကို (ကျပ်) ၆၄၀ လောက် ဖြစ်နေတယ်။ အရင်က ၅၆၀ လောက်ပဲ ရှိတာ။ တက်တဲ့အချိန်ကျရင် ဆီဆိုင်တွေက တောက်လျှောက် နေ့တိုင်းတက်တယ်။ တက်ဈေးအရ ကျတဲ့အချိန်ကျရင် ချမပေးဘူး။ အဲဒါကို မှိန်းပြီးတော့ အမြဲတမ်း ရောင်းနေတယ်။ အဲဒါကုမ္ပဏီတိုင်းပဲ။ တက်တဲ့အခါကျရင် တက်ဈေးအတိုင်း ဘာကြောင့်တက်တယ်၊ အကြောင်းအမျိုးမျိုးပြတယ်။ ကျလာတဲ့ အချိန်ကျရင် ကျွန်တော်တို့ အောက်ခြေလူတန်းစားကို ပြန်မကြည့်ဘူး။ မှိန်းခံပြီးတော့ ရောင်းစားနေတယ်။ အဲဒါကုမ္ပဏီတွေရဲ့ ထုံးစံပဲ။ ကျွန်တော်တို့ လုပ်စားကိုင်စားနေရတာ အဆင်မပြေဘူး။ ဒီပညာပဲ တတ်တာဆိုတော့ ဒါပဲ လုပ်တတ်တယ်။ ဒီအခက်အခဲတွေက ဟိုဘက်အစိုးရ ကတည်းက ကြည့်နေတာ။ အခုချိန်အထိ ဒီပြဿနာတွေက ဖြစ်နေတုန်းပဲ။ တက်တဲ့အခါကျရင် ဒေါ်လာဈေးတက်လို့၊ ရေနံဈေးတက်လို့။ ကျလာတဲ့အချိန် မှိန်းနေတာကို အကုန်လုံးကို သိစေချင်တယ်။           

“ခါတိုင်းဆို တစ်နေကုန် ခုနစ်ထောင်၊ ရှစ်ထောင်လောက်ရင်းရင်ရတဲ့ ခရီးကို ခု တစ်သောင်းကျော်လောက် ရင်းနေရတယ်”
ဦးသန်းဇော်ဦး (အငှားယာဉ်မောင်း)

စက်သုံးဆီဈေး တက်လာတဲ့အတွက် ခရီးသည်ကတော့ ပုံမှန်ဈေးလေးတော့ ပေးတာပေါ့။ ကျွန်တော်တို့က အဲဒီအပေါ်မှာပဲ ခြိုးခြံချွေတာပြီး လိုက်ရတာပေါ့။ ဆီကတက်လာတဲ့အတွက် ကားကလည်း ပိတ်တော့ ဆီကတော့နည်းနည်းပိုကုန်တာပေါ့။  အရင်လောက်တော့ သိပ်မကိုက်ဘူး။ စက်သုံးဆီ ဈေးတက်သွားတဲ့အတွက် ခရီးသည်တွေဆီကနေ ပိုတောင်းဖို့ရာ ကျတော့လည်း နှစ်ထောင့်ငါးရာတန် ခရီးတစ်ခုကို အများဆုံး တောင်းလို့ရမှ သုံးထောင်ပေါ့။ ခရီးသည်ကလည်း ဒီထက်လည်း ပိုမပေးနိုင်ပါဘူး။ ကျွန်တော်တို့က တတ်နိုင်သမျှတော့ ညှိရတာပေါ့။ တစ်ခါတစ်ခါကျ သွားနေကျ ဈေးလေးပဲပေးပါ ပြောရတာပေါ့။ ခရီးသည်ကလည်း မေးလိုက်ရင် သွားနေကျဈေးပဲ ပြောတာက များတယ်လေ။ နှစ်ထောင့်ငါးရာလောက်မှ ကိုက်မယ့်လမ်းကို နှစ်ထောင်လောက်ဆစ်လည်း အခေါက်ရေ များများရရင် ထေမိအောင်ဆိုပြီး လိုက်ရတာပေါ့။ ခါတိုင်းဆို တစ်နေကုန် ခုနစ်ထောင်၊ ရှစ်ထောင်လောက်ရင်းရင် ရတဲ့ခရီးကို ခု တစ်သောင်းကျော်လောက် ရင်းနေရတယ်။ ဆီဈေးတက်လို့ ပိုတောင်းတယ် ပြောရင်လည်း ခရီးသည်ဘက်က အရင်တုန်းကလည်း ဆီဈေးက တက်နေတာပဲ ဆိုတော့ သူတို့ဘက်ကကြည့်လည်း မမှားဘူးပေါ့။ ကျွန်တော်တို့က ဆီဈေးအတက်အကျပေါ်ကြည့်ပြီး ထိန်းလိုက်ရတာပေါ့။ ဆီဈေးတွေ ခုလိုမြင့်လာတဲ့အတွက် ပြည်သူတွေအတွက် မကောင်းဘူးပေါ့နော်။ ကျွန်တော်တို့ဘက်က အရင်ဒီဈေးနဲ့ လိုက်နိုင်တဲ့ နေရာတွေကို လက်ရှိဈေးတက်လာတော့ မလိုက်နိုင်တော့တာမျိုးရှိတဲ့ အတွက် ပြည်သူက ကားငှားရ ပြုရတာ အဆင်မပြေဘူးပေါ့။ ကျွန်တော့်တို့ဘက်က ကျတော့လည်း တချို့ခရီးတွေဆို ရှောင်လိုက်ရတာမျိုးတွေ ရှိတာပေါ့။        

“ဆီဈေးမြင့်လာတဲ့အတွက် ဂိတ်မှာ ထိုင်ဆွဲရုံပဲ ရှိတော့တာပေါ့”
ဦးနေဝင်းအောင် (အငှားယာဉ်မောင်း)

စက်သုံးဆီဈေးတွေ တက်လာတဲ့အတွက် အရင်ကလောက်တော့ လှိမ့်လိုမရတော့ဘူးပေါ့။ အရင်လို ပတ်မောင်းပြီး ခရီးသည် မရှာနိုင်တော့ဘူး။ ဂိတ်ထောက်ပြီးတော့ ဒီလိုပဲ ခရီးသည်စောင့်ပြီး ဆွဲရတာပေါ့။ ခရီးသည်ကလည်း လမ်းတွေမှာ သိပ်မှမရှိတော့တာ။ ကားတွေက ကျပ်လာတာတစ်မျိုး၊ Taxi တွေ များလာတာက တစ်မျိုးနဲ့ အဲဒါကြောင့် ခုလို ဆီဈေးမြင့်လာတော့ ပိုဆိုးတာပေါ့။ ဆီဈေးကလည်း အရင် ၅၅၀ (တစ်လီတာ) လောက်ကနေ ၆၄၀ လောက်အထိ တက်လာတာ။ ခရီးသည်ကျ ဈေးလည်းပိုတောင်းလို့က မရဘူး။ ဒီဈေးပဲ။ ဆီဈေး ဒီထက်ပိုတက်လာမယ် ဆိုရင်တော့ မောင်းလို့ အဆင်ပြေမှာ မဟုတ်တော့ဘူးပေါ့။ ခုဈေးမြင့်သွားတဲ့အတွက် ဆီကို ချိန်မောင်းရတာပေါ့။ တော်ရုံတန်ရုံ အော်ဒါမျိုး၊ ဝေးဝေးလံလံ နေရာမျိုးတွေဆို မလိုက်နိုင်တော့ဘူးပေါ့။ ကိုယ်တွေဘက်ကျ အသွားရော၊ အပြန်ရော ခရီးသည်ပါမှ အဆင်ပြေတာမျိုး။ အသွားတစ်ကြောင်းတည်းရပြီး အပြန်ကျ ခါလီပြန်လာရတယ်ဆို ခုလိုဆီဈေးတက်ပုံမျိုးနဲ့ ဘယ်လိုမှ မကိုက်ဘူး။  ဥပမာ အောင်မင်္ဂလာ အဝေးပြေးလို နေရာမျိုးတွေဆို အပြန်ကျ ခရီးသည်က ပါလာဖို့ မသေချာဘူး။ သူ့ဝင်းထဲမှာကို Taxi သမားတွေက ပုံနေတာ။ ကိုယ်က အပြင်ကလူ ဖြစ်နေတော့ ခရီးသည် မရဘူး။ ဆီဈေးမြင့်လာလို့ ဆိုပြီး ခရီးသည်ဆီက ပိုတောင်းဖို့ရာ ကျတော့လည်း ကိုယ်မလိုက်ရင် တခြားကားက လိုက်မှာပဲလေ။ အရင်တုန်းက ဆီငါးထောင်ဖိုးလောက် ထည့်ရင် ပြန်ပြည့်သွားတယ်။ အခုကျ အနည်းဆုံး ခြောက်ထောင်၊ ခုနစ်ထောင်ဖိုးလောက် ပြန်ဖြည့်နေရတာပေါ့။ ခေါက်တိုလေးတွေ ကျရင်တော့ ကိုယ့်အတွက် ကျန်တာပေါ့။ အစောက ပြောသလို ခရီးရှည် သွားရင်ကျ မကိုက်တော့ဘူး။ ဆီဈေးမြင့်လာတဲ့အတွက် ဂိတ်မှာပဲ ထိုင်ဆွဲရုံပဲ ရှိတော့တာပေါ့။         

အောင်သီဟ၊ ချယ်ရီ