News

POST TYPE

POPULAR POST

နည်းပြသစ်ရွေးချယ်ရန် လွန်စွာခက်ခဲသည့်အခြေအနေမျိုးဖြစ်သွားပြီဟု အက်ဒ်ဝုဒ်ဝါးဒ် ၀န်ခံ၊ ဖာဂူဆန်ကို အကြံပေးအဖြစ် ဆက်ရှိစေလိုပါက ဆိုးလ်ရှားကိုသာ ရွေးချယ်ဖွယ်ရှိ
03-Jan-2019


မန်ချက်စတာ၊ ဇန်နဝါရီ ၃

မန်ယူအမှုဆောင်အရာရှိချုပ် အက်ဒ်ဝုဒ်ဝါးဒ်သည် ၎င်းအနေနှင့် အသင်းအတွက် နည်းပြသစ်ရွေးချယ်ရန် လွန်စွာခက်ခဲသောအခြေအနေတစ်ရပ်ကို ရင်ဆိုင်နေရပြီဖြစ်ကြောင်း ထုတ်ဖော်ဝန်ခံလိုက်ပြီး လက်ရှိတွင် အသင်းကို လေးပွဲဆက်တိုက် အနိုင်ရရှိစေရန် စွမ်းဆောင်ပေးလိုက်နိုင်ပြီဖြစ်သော ယာယီနည်းပြ ဆိုးလ်ရှားကို အသင်းဒါရိုက်တာဘုတ်အဖွဲ့ဝင်များသာမကဘဲ အသင်းကစားသမားများနှင့် ကွင်းဝန်ထမ်းများကပါ ထောက်ခံမှုများရှိနေပြီဖြစ်ကြောင်း The Mirror က ဖော်ပြထားသည်။

မန်ယူအသင်းဒါရိုက်တာဘုတ်အဖွဲ့ဝင်များသည် အစောပိုင်း၌ စပါးနည်းပြ ပိုချက်တီနိုနှင့် ရီးရဲလ်မက်ဒရစ်နည်းပြဟောင်း ဇီဒန်းတို့အနက်မှတစ်ဦးကို အမြဲတမ်းနည်းပြအဖြစ် ခေါ်ယူနိုင်ရန် ရည်ရွယ်ထားခဲ့ပြီး ယင်းနည်းပြများရောက်ရှိလာခဲ့မည်ဆိုပါက ဖာဂူဆန်မှာ နည်းပြရေးရာ အခန်းကဏ္ဍများတွင် ပါဝင်ပတ်သက်မှုမရှိတော့ဘဲ နောက်ဆုတ်လိုက်မည်ကို မန်ယူအသင်းတာဝန်ရှိသူများက စိုးရိမ်ပူပန်လျက်ရှိသည်။

ဖာဂူဆန်သည် လက်ရှိတွင် အသင်းအကြံပေးရာထူးကိုရယူကာ ၎င်း၏တပည့်ဟောင်းဆိုးလ်ရှားကို ကာရင်တန်လေ့ကျင့်ရေးကွင်းသို့တိုင် သွားရောက်၍ အားပေးကူညီနေပြီး ဆိုးလ်ရှားကိုယ်တိုင်ကလည်း အသင်း၏ကစားပုံ ချက်ချင်းပင် အပြောင်းအလဲဖြစ်သွားခြင်း၊ ကစားသမားများ၏စိတ်ဓာတ်ပိုင်းဆိုင်ရာယုံကြည်ချက် မြင့်တက်သွားခြင်းနှင့် နိုင်ပွဲများဆက်တိုက်ရရှိလာခြင်းတို့မှာ ဆရာဟောင်းဖာဂူဆန်၏နည်းပေးလမ်းပြမှုများကြောင့်ဖြစ်သည်ဟု ဖွင့်ဟ၀န်ခံထားသည်။

မန်ယူသည် ဆိုးလ်ရှားကို ယာယီနည်းပြအဖြစ် ခေါ်ယူခဲ့စဉ်ကတည်းက စွမ်းဆောင်ရည်ပိုင်းဆိုင်ရာကို နှစ်ခြိုက်သဘောကျပါက တစ်နှစ်လုပ်ခ ပေါင် ၇ ဒသမ ၂ သန်းဖြင့် အမြဲတမ်းနည်းပြခန့်ရန် သဘောတူညီမှု ရယူထားကြောင်းလည်း ဆက်စပ်သတင်းများ ထွက်ပေါ်နေပြီး မန်ယူအသင်းကစားသမားဟောင်းများကလည်း မန်ယူကို ဦးဆောင်မည့်သူမှာ အသင်း၏မူဝါဒနှင့် ဝိသေသလက္ခဏာများကို နားလည်ထားပြီးသော ဆိုးလ်ရှားကဲ့သို့ပုဂ္ဂိုလ်မျိုးသာလျှင်ဖြစ်သင့်ကြောင်း ထောက်ခံချက်ပေးထားကြပြီဖြစ်သည်။