News

POST TYPE

POPULAR POST

ရန်ကုန်ကလေးဆေးရုံကြီး ကင်ဆာဌာနသို့ ကလေးမျက်လုံးကင်ဆာဖြစ်ပွားသူ အရောက်များ
01-Jan-2019

ရန်ကုန်၊ ဇန်နဝါရီ ၁

ရန်ကုန်ကလေးဆေးရုံကြီး၊ ကင်ဆာဌာနသို့ ကလေးမျက်လုံးကင်ဆာဖြစ်ပွားသူ အရောက်များကြောင်း ယင်းဆေးရုံကြီး၏ သွေးနှင့်ကင်ဆာဌာန ပါမောက္ခ ဒေါ်အေးအေးခိုင်က ပြောကြားသည်။

အဆိုပါဆေးရုံကြီးသို့ သွေးကင်ဆာနှင့် အလုံးအကျိတ် အဖုအခဲကင်ဆာများဖြစ်သည့် အသည်းကင်ဆာ၊ ကျောက်ကပ်ကင်ဆာ၊ ဦးနှောက်ကင်ဆာ၊ အရိုးကင်ဆာ၊ မျိုးဥနှင့်သားဥကင်ဆာများ ဖြစ်ပွားကြောင်း သိရပြီး အခြားသော နိုင်ငံများ၌မူ ဦးနှောက်ကင်ဆာ ဖြစ်ပွားမှုများကြောင်း ယင်းဆေးရုံထံမှ သိရသည်။

“ကင်ဆာရောဂါက မျိုးရိုးဗီဇနဲ့ သက်ဆိုင်တယ်။ မျက်လုံးကင်ဆာက စောစောသိရင် အမြင်ပြန်ရနိုင်တယ်။ မွေးကတည်းက ရေတိမ်လို အဖြူစက်ပေါ်တော့ အမှုမဲ့အမှတ်မဲ့နဲ့ ထားမိရာကနေ ကလေးကြီးထွားလာတာနဲ့အမျှ ကင်ဆာအသွင်ကူးပြောင်းတာ တွေ့ရတယ်”ဟု ပါမောက္ခ ဒေါ်အေးအေးခိုင်က ရှင်းပြသည်။

ကလေးကင်ဆာရောဂါများသည် အသက်ငါးနှစ်အောက်ကလေးများတွင် အဖြစ်များပြီး မျက်လုံးကင်ဆာရောဂါ ခံစားရသူများအနေနှင့် ကနဦးတွင် အဖြူစက်ပေါ်ပြီးနောက် မျက်လုံးပြူးထွက်ခြင်း၊ ကြက်ဥကြော်ကဲ့သို့ လန်ထွက်လာခြင်းအပြင် မျက်နှာသည် မျက်လုံးထက်ကြီးနေခြင်း စသည့်လက္ခဏာရပ်များကို တွေ့ရကြောင်း သွေးနှင့် ကင်ဆာဌာနထံမှ သိရသည်။

အဆိုပါ ကလေးကင်ဆာရောဂါများသည် မွေးရာပါကင်ဆာဆဲလ်များပါလာပြီးဖြစ်ပြီး လူ ၁၀ ဦးမွေးလျှင် ၁၀ ဦးစလုံး ဖြစ်ပွားမှုမရှိသော်လည်း တုပ်ကွေးရောဂါ၊ စိတ်ဖိစီးမှုများခြင်း၊ ဗိုင်းရပ်စ်ရောဂါပိုး စသည့်အနှောင့်အယှက်များဝင်ပါက ကင်ဆာအဖြစ်သို့ တစ်ဟုန်ထိုးပြောင်းလဲသွားကြောင်း သွေးနှင့် ကင်ဆာဌာန ပါမောက္ခ ဒေါ်အေးအေးခိုင်က ဖြည့်စွက်ပြောကြားသည်။

မြန်မာနိုင်ငံတွင် ကလေးကင်ဆာရောဂါကို ရန်ကုန်ကလေးဆေးရုံကြီးနှင့် မန္တလေးကလေးဆေးရုံကြီးများတွင် ကလေးလူနာ ၅၀ဝ ခန့်ကို ကုသမှုပေးလျက်ရှိပြီး ရန်ကုန်ကလေးဆေးရုံကြီး ကလေးကင်ဆာဌာနသို့ တစ်နှစ်လျှင် မျက်လုံးကင်ဆာဖြစ်ပွားသူ ၃၀ ခန့် လာရောက်ကုသမှုခံယူကြောင်း ရန်ကုန်ကလေးဆေးရုံကြီးထံမှ သိရသည်။

J-12