News

POST TYPE

POPULAR POST

ဂျပန်နိုင်ငံမှ အလုပ်အကိုင် ၁၄ မျိုးအတွက် ဧပြီလကစပြီး မြန်မာလုပ်သား ခေါ်မည်
01-Jan-2019

ရန်ကုန်၊ ဒီဇင်ဘာ ၃၁

နှစ်နိုင်ငံအစိုးရချင်း ညှိနှိုင်းပြီးဖြစ်၍ ဂျပန်နိုင်ငံက အလုပ်အကိုင် ၁၄ မျိုးအတွက် မြန်မာလုပ်သားများကို ၂၀၁၉ ခုနှစ် ဧပြီလမှ စတင်ခေါ်ယူမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူး ဦးဝင်းရှိန်က ပြောကြားသည်။

“အေဂျင်စီတွေတောင် အလုပ်ခေါ်စာတွေတောင် လုပ်နေကြပြီး အရည်အချင်း စစ်စာမေးပွဲနဲ့ခေါ်မယ်။ လူဦးရေ ခွဲတမ်းနဲ့တော့ မဟုတ်ဘူး။ နှစ်နိုင်ငံ ညှိနှိုင်းနေပါတယ်။ ၃ ကြိမ်ရှိနေပြီ”ဟု ၎င်းက ဆိုသည်။

ဧပြီလမှစ၍ လုပ်သားခေါ်ယူရာတွင် သက်ကြီးရွယ်အိုစောင့်ရှောက်ရေး၊ အဆောက်အအုံအတွင်းသန့်ရှင်းရေး၊ သံထည်ပုံသွင်းလုပ်ငန်း၊ အကြီးစားစက် ပစ္စည်းထုတ်လုပ်သည့်လုပ်ငန်း၊ လျှပ်စစ်နှင့် နူနခအမသညငခ ပစ္စည်းထုတ်လုပ်သည့် လုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ သင်္ဘောဆောက်လုပ်ရေးလုပ်ငန်း၊ ကားပြုပြင်ရေးလုပ်ငန်း၊ လေဆိပ်နှင့်လေကြောင်းလုပ်ငန်း၊ ဟိုတယ်လုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်း၊ ငါးလုပ်ငန်း၊ စားသောက်ကုန်လုပ်ငန်း၊ စားသောက်ဆိုင်လုပ်ငန်းများဖြစ်ကြောင်း ပြည်ပအလုပ်အကိုင်ရှာဖွေရေး လုပ်ငန်းရှင်များအသင်းထံမှ သိရသည်။

“အရင်က ဂျပန်ကို အလုပ်သမားအနေနဲ့ မခေါ်ဘူး။ ကျောင်းသားအနေနဲ့သာ သွားရတာ။ အခုက အခြေခံလုပ်သား ခေါ်တာပါ။ ဝန်ဆောင်ခကတော့ ခုထိ မသတ်မှတ်ရသေးဘူး”ဟု ပြည်ပအလုပ် အကိုင်ရှာဖွေရေးလုပ်ငန်းရှင်များအသင်းမှ ပြန်ကြားရေးတာဝန်ခံ ကိုစိုင်းစည်သူက ဆိုသည်။

ဂျပန်နိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာနက နိုင်ငံခြားသား လုပ်သားခေါ်ယူရန် ပြင်ဆင်သည့်ဥပဒေတွင် အခြေခံလုပ်သားများအတွက် အကျုံးဝင်မည့်မူဝါဒများ ချမှတ်ထားကြောင်းနှင့် ဂျပန်နိုင်ငံ၏စီးပွားရေးနယ်ပယ် ၁၄ ခုတွင် ပြည်ပလုပ်သား ၁၄ သိန်းခန့်လိုအပ်ကြောင်း ဒီဇင်ဘာလ ၂၅ ရက်က ဂျပန်အစိုးရက ထုတ်ပြန်ထားသည်။

ဂျပန်သို့ လာရောက်လုပ်ကိုင်သူများအနေနှင့် ဂျပန်ဘာသာစကား အရည်အချင်းစစ်ဆေးမှုဆိုင်ရာစာမေးပွဲကို ဂျပန်နိုင်ငံမှ အရည်အချင်းစစ်အဖွဲ့က ဗီယက်နမ်၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ တရုတ်၊ ထိုင်း၊ မြန်မာ၊ မွန်ဂိုလီးယားနဲ့ နီပေါနိုင်ငံ ၉ ခုတွင် ပြုလုပ်သွားမည်ဖြစ်သည်။

ဂျပန်နိုင်ငံတွင် ငါးနှစ်အတွင်း သက်ကြီးရွယ်အိုစောင့်ရှောက်ရေးလုပ်ငန်းတွင် စုစုပေါင်း လူ ၃၀၀,၀၀၀၊ စားသောက် ဆိုင်လုပ်ငန်းတွင် စုစုပေါင်း လူ၂၉၀,၀၀၀ ဦး၊ ဆောက်လုပ်ရေးလုပ်ငန်းမှာ စုစုပေါင်း လူ ၂၁၀,၀၀၀ ဦး၊ စိုက်ပျိုးရေးလုပ်ငန်းတွင် စုစုပေါင်း လူ ၁၃၀,၀၀၀ ဦး၊ ဟိုတယ်လုပ်ငန်း တွင် စုစုပေါင်း လူ ၁၀၀,၀၀၀ ဦး လိုအပ်လျက်ရှိသည်။

လက်ရှိဂျပန်နိုင်ငံသို့ လုပ်သားပို့ ဆောင်မည့်အေဂျင်စီ ၂၀၀ ခန့်ရှိကြောင်း ပြည်ပအလုပ်အကိုင်ရှာဖွေရေးလုပ်ငန်းရှင်များအသင်းထံမှ သိရသည်။

J-18