News

POST TYPE

POPULAR POST

လပွတ္တာ-ပင်လယ်လေး ဇက်ကူးတို့ ကျောင်းသားနှင့်ဝန်ထမ်းများ အခမဲ့စီးခွင့်ပေး
16-Dec-2018
ပုသိမ်၊ ဒီဇင်ဘာ ၁၆

ဧရာဝတီတိုင်း မြောင်းမြနှင့် လပွတ္တာမြို့နယ်အကြားရှိ ပင်လယ်လေးမြစ်ကို ဇက်ကူးတို့ဖြင့်ကူးရာတွင် ကျောင်းသား၊ ကျောင်းသူနှင့် နိုင်ငံ့ဝန်ထမ်းများကို အခမဲ့ စီးနင်းခွင့်ပေးထားကြောင်း ဧရာဝတီတိုင်းအစိုးရအဖွဲ့ထံမှ သိရသည်။

ပင်လယ်လေးမြစ်ကူးတံတား ပြင်ဆင်နေသဖြင့် ခရီးသွားများ သွားလာမှုအဆင်ပြေစေရန် ဇက်ကူးတို့ ဖွင့်လှစ်ခဲ့ရာ လိုင်စင်ရရှိသူ လုပ်ငန်းရှင်က ကျောင်းသားနှင့် ဌာနဆိုင်ရာဝန်ထမ်းများထံမှ ဇက်ကူးတို့ကူးခများ မတန်တဆ ကောက်ခံနေခြင်းကြောင့် ယခုကဲ့သို့သတ်မှတ်ရခြင်းဖြစ်ကြောင်း ယင်းအစိုးရထံမှ သိရသည်။

“အခြား သာမာန်ခရီးသွားတွေကိုတော့ လူတစ်ယောက်၊ ဆိုင်ကယ်တစ်စီးကို ၁၂၀၀ ကျပ်ပေးနေရာက ၅၀၀ ကျပ် လျှော့ချသတ်မှတ်ပေးလိုက်တယ်”ဟု ဧရာဝတီတိုင်း လျှပ်စစ်၊ စွမ်းအင် စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဋ္ဌေးက ပြောဆိုသည်။

ခရီးသည်တင်ကားများ၊ ခရီးသွားကားများနှင့် ကုန်စည်တင်ဆောင်သည့် ကားများမှာ ယခင်သတ် မှတ်ထားသည့်နှုန်းထားများအတိုင်းပေးဆောင်ရမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“အစိုးရအဖွဲ့က အခမဲ့ဆိုပေမယ့် ကူးတို့ခရတဲ့ ကားတွေပဲ ဦးစားပေးတင်တယ်။ ပြည့်သွားတာနဲ့ ကျောင်းသားနဲ့ ဝန်ထမ်းဆိုင်ကယ်၊ စက်ဘီးတွေ မတင်တော့ဘူး။ ဒီတော့ ကျောင်းချိန်၊ ရုံးချိန် နောက်ကျတာတွေ ရှိနေတယ်။ ရုံးချိန်၊ ကျောင်းချိန်ကိုတော့ အလေးပေးစေချင်ပါတယ်”ဟု ပညာရေးဌာနဝန်ထမ်း ဦးခင်အေးက ပြောကြားသည်။

ဇက်ကူးခနှုန်းထားများမှာ ၁ တန်အောက် အိမ်စီးမော်တော်ယာဉ်တစ်စီးလျှင် ၃၀၀၀ ကျပ်၊ ၁ တန်မှ ၂ တန် ယာဉ် ၄၀၀၀ ကျပ်၊ ၂ တန်နှင့် ၃ တန်ယာဉ် ၅၀၀၀ ကျပ်၊ ၃ တန်မှ ၆ တန်ကြား ယာဉ်များ ၆၀၀၀ ကျပ်၊ ၆ တန်နှင့် ၁၂ တန်ကြား ယာဉ် ၇၀၀၀ ကျပ်၊ ၁၂ တန်အထက် ယာဉ်များအား ၈၀၀၀ ကျပ်နှင့် Express ယာဉ်များမှာ ၁၀,၀၀၀ ကျပ် သတ်မှတ်ပေးထားကြောင်း ပင်လယ်လေးဇက်ကူးတို့လုပ်ငန်းထံမှ သိရသည်။

ပျက်ကျသွားသော မြောင်းမြမြစ်ကူးတံတားနှင့်ပုံစံတူ တည်ဆောက်ထားသည့် မြောင်းမြ-လပွတ္တာကားလမ်းပေါ်ရှိ ပင်လယ်လေးမြစ်ကူးတံတားကို ဒီဇင်ဘာလ ၁၀ ရက်မှစတင်၍ ပြင်ဆင်မှုများ ပြုလုပ်နေသဖြင့် မြစ်ကူးဇက်ကူးတို့လုပ်ငန်းကို လိုင်စင်ချထားပေးခြင်းဖြစ်ကြောင်း ဧရာဝတီတိုင်းအစိုးရရုံးထံမှ သိရသည်။

R-12