News

POST TYPE

POPULAR POST

စာရင်းသေ စာရင်းများမှ ငွေလိမ်ထုတ်သော ဘဏ်မန်နေဂျာကို အလွဲသုံးစားမှုဖြင့်အမှုဖွင့်
09-Dec-2018


ရန်ကုန်၊ ဒီဇင်ဘာ ၉ 

KBZ ဘဏ်တွင် ယုံကြည်စွာဖြင့် ငွေများ လာရောက်အပ်နှံစုဆောင်းထားသော Customer များ၏ စာရင်းသေ ဘဏ်အကောင့်များထဲမှ ကျပ်သိန်း ၁၁၀ဝ ကျော်ကို ထုတ်ယူသုံးစွဲခဲ့သည့် ဘဏ်ခွဲ မန်နေဂျာ အမျိုးသမီးကို ဘုရင့်နောင်နယ်မြေ ရဲစခန်းတွင် အလွဲသုံးစားပြုလုပ်မှုဖြင့် အမှုဖွင့် အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။ 

ရာဇသတ်ကြီး ပုဒ်မ ၄၀၈ ဖြင့် အမှုဖွင့်ခံရသူ အသက် ၃၃ နှစ် အမျိုးသမီးမှာ မရမ်းကုန်းမြို့နယ်၊ (၂)ရပ်ကွက်၊ အလယ်ဗဟိုလမ်းရှိ KBZ ဘဏ်ခွဲတွင် ယခင်က တာဝန်ခံအဖြစ် လုပ်ကိုင်ခဲ့သူဖြစ်ပြီး အဆိုပါ ဘဏ်ခွဲသို့ ဘဏ်မှ ဝန်ထမ်း အမျိုးသမီးတစ်ဦးကို တာဝန်ခံအဖြစ် လွှဲပြောင်း တာဝန်ပေးအပ်ခဲ့ပြီး ငွေကြေးနှင့် စာရင်းဇယားများကို အသေးစိတ် တိုက်ဆိုင်စစ်ဆေးရာမှ Customer များ၏ စာရင်းသေ ဘဏ်အကောင့်များထဲရှိ ကျပ် ၁၁၆၄ သိန်းကျော်ကို ယခင်ဘဏ်တာဝန်ခံ အမျိုးသမီးက ဘဏ်အကောင့်ပိုင်ရှင်များမသိဘဲ ကိုယ်ကျိုးအတွက် အလွဲသုံးစားပြုလုပ် ရယူသုံးစွဲထားသည်ကို စိစစ်တွေ့ရှိခဲ့ကြောင်း အမှုဖွင့်တိုင်ကြားချက်အရ သိရသည်။

အလွဲသုံးစားပြုလုပ်မှုဖြင့် အမှုဖွင့် အရေးယူခံရသူ ဘဏ်တာဝန်ခံ အမျိုးသမီးမှာ စာရင်းသေ ဘဏ်အကောင့်ပိုင်ရှင်များ၏ ဘဏ်အကောင့်သုံးခုထဲမှ ကျပ် ၁၁၆၄ သိန်းကျော်ကို ၂၀၁၇ ခုနှစ် အောက်တိုဘာလမှ ၂၀၁၈ ခုနှစ် နိုဝင်ဘာလအတွင်း ထုတ်ယူခဲ့ပြီး ငွေစာရင်းပိုင်ရှင်များ သိရှိခြင်းမရှိဘဲ ဘဏ်ခွဲတာဝန်ခံတစ်ဦး၏ လုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြုလုပ်ကာ ကိုယ်ကျိုးအတွက် ရယူသုံးစွဲခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ဒီဇင်ဘာလ ၇ ရက်နေ့က ဘုရင့်နောင်နယ်မြေ ရဲစခန်းတွင် အမှုဖွင့် အရေးယူထားသည်။ 

S-03