News

POST TYPE

POPULAR POST

ပျားတုပ်ခံရ၍ ရေနံချောင်း၌ ဆရာတော်တစ်ပါး ပျံလွန်
09-Dec-2018
ချောက်၊ ဒီဇင်ဘာ ၈

မကွေးတိုင်း ရေနံချောင်းမြို့တွင် အဆိပ်ပြင်း ပျားအမျိုးအစားဖြစ်သည့် လှည်းဘီးပျားအတုပ်ခံရ၍ ဆရာတော်တစ်ပါး ပျံလွန်တော်မူသွားကြောင်း ယင်းဆရာတော်နှင့် နီးစပ်သည့်ဒေသခံများထံမှ သိရသည်။

“တစ်ကိုယ်လုံးပဲ အတုပ်ခံရတာ။ ဆရာတော်နားကို ဘယ်သူမှ မကပ်ရဲကြဘူး။ ကျွန်မက အနွေးထည်ကလည်း အထူကြီး ဝတ်ထားတာ။ ခေါင်းလည်း အဝတ်ခြုံပြီး လက်တစ်ဖက်က အဝတ်နဲ့ရမ်းပြီး ဆရာတော်ကို ဇွတ်ဆွဲခေါ်ထုတ်လာရတယ်”ဟု ဖောင်ကတောကျေးရွာဒေသခံ အမျိုးသမီးတစ်ဦးက ပြောဆိုသည်။

ရွှေကြာငုံရပ်ကွက်ရှိ မဲထီးဘုန်းတော်ကြီးကျောင်းမှ သက်တော် ၇၀ ကျော်ရှိ ဆရာတော်ဦးကေလာသသည် ဖောင်ကတောကျေးရွာမှ ဆွမ်းစားဖိတ်ထားသဖြင့် ဒီဇင်ဘာ ၅ ရက် နံနက် ၈ နာရီခန့်က ဆိုင်ကယ်ဖြင့် ဆွမ်းစားကြွစဉ် ယင်းရွာအနီး ထန်းတောအတွင်းမှ လူတစ်ရပ်ခန့်ရှိ ပျားအုံ(လှည်းဘီးပျား)များ ဝိုင်းဝန်းအတုပ်ခံရ၍ ရေနံချောင်းပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေစဉ် ပျားတုပ်ခံရသည့်ဒဏ်ရာများဖြင့် ဒီဇင်ဘာလ ၆ ရက် ညပိုင်းတွင် ပျံလွန်တော်မူသွားခဲ့ကြောင်း ၎င်းတို့က ဆိုသည်။

“ကျွန်တော် ဆေးရုံကိုရောက်တော့ ဆရာတော်က အရမ်းတုန်နေတာပဲ။ ရေ အရမ်းဆာနေတယ်ထင်တယ်။ ရေသာ အတင်းသောက်နေတယ်။ ဆရာတော် ခန္ဓာကိုယ်အနှံ့ ပျားတုပ်ဒဏ်ရာတွေချည်းပဲ။ ဖူးရောင်နေတာပဲ။ မျက်ခွံတွေဆို ဖူးရောင်နေတယ်။ ကျွန်တော့်အထင်တော့ မျက်လုံးက သွေးတွေထွက်နေတယ် ထင်မိတယ်”ဟု ဒေသခံ ဦးအောင်ကျော်ဦးက ပြောဆိုသည်။

R-24