News

POST TYPE

POPULAR POST

ရုပ်ရှင်သရုပ်ဆောင် လွင်မိုး အမှုဖွင့် အရေးယူခံရမှုကို ဥပဒေ လမ်းကြောင်းအရ ဖြေရှင်းမည်ဟု ဆို
21-Oct-2016

ရန်ကုန်၊ အောက်တိုဘာ ၂၁

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကင်မွန်းချောင်း နယ်မြေရဲစခန်းတွင် အမှုဖွင့် အရေးယူခံရခြင်းနှင့် ပတ်သက်၍ ဥပဒေလမ်းကြောင်းအရ ဖြေရှင်းသွားမည် ဖြစ်ကြောင်း ရုပ်ရှင်သရုပ်ဆောင် လွင်မိုးက The Voice သို့ ပြောကြားသည်။

ကျိုက်ထိုမြို့နယ် တရားရုံးတွင် ပိုင်ဆိုင်မှု အငြင်းပွားနေသော မြေကွက်မှ ခြံစောင့်အလုပ်သမား အမျိုးသားသုံးဦးကို ဖမ်းဆီးချုပ်နှောင်ရန် စေခိုင်းမှုနှင့် ပတ်သက်၍ ရုပ်ရှင်သရုပ်ဆောင် လွင်မိုးနှင့် အမျိုးသားနှစ်ဦးကို ကင်မွန်းချောင်း နယ်မြေရဲစခန်းမှ ပုဒ်မ ၃၄၂ /၃၆၅/ ၁၁၄ /၃၄ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း ယင်းရဲစခန်းထံမှ သိရသည်။

“ဒီကိစ္စ ကျွန်တော်နဲ့ ဘာမှမပတ်သက်ဘူး။ ဒီဖြစ်စဉ်မှာ အလွဲအမှားတွေ အများကြီး ရှိနေတယ်။ အမှုလက်ခံဖွင့်ထားတဲ့ ရဲစခန်းနဲ့ သတင်းဖော်ပြတဲ့ စံတော်ချိန် သတင်းစာဘက်ကို ဆက်သွယ်မေးမြန်းကြည့်ပါ။ ကျွန်တော့်ဘက်က ဒီပြဿ       နာနဲ့ ပတ်သက်ပြီး လတ်တလော ဘာမှမပြောချင်ဘူး။ ဥပဒေလမ်းကြောင်းအရ ဖြေရှင်းသွားမယ်” ဟု ရုပ်ရှင်သရုပ်ဆောင် လွင်မိုးက ပြောကြားသည်။

ကျိုက်ထိုမြို့နယ် တရားရုံးတွင် တရားစွဲဆို အငြင်းပွားနေသော ကင်မွန်းချောင်းကျေးရွာရှိ ကွင်းအမှတ် (၁၇၆-က) ဇရပ်ကွင်း ဦးပိုင်အမှတ် N363 မြေကွက်တွင် ကော့မူခူ ကုမ္ပဏီလီမိတက် မန်နေဂျင်းဒါရိုက်တာ ဦးစောနေဗလု၏ တာဝန်ပေးချက်အရ နေထိုင်လျက် ရှိသည့် ခြံစောင့်အလုပ်သမားများ ဖြစ်သော နေမင်း၊ အရှည်ကြီးနှင့် ဦးကရင်တို့ သုံးဦးကို အောက်တိုဘာလ ၁၃ ရက် ညပိုင်းက လက်နက်ကိုင် လူတစ်စုက လာရောက်ဖမ်းဆီးကာ မော်တော်ယာဉ်ဖြင့် တင်ဆောင်ပြီး ဘားအံမြို့ပေါ်တွင် ချုပ်နှောင်ခဲ့ကြောင်း စံတော်ချိန်သတင်းစာတွင် ဖော်ပြခဲ့သည်။ 

နောက်တစ်နေ့ နံနက်တွင် ဖမ်းဆီးခံရသူ သုံးဦးအနက် နေမင်းက ၎င်းတို့အား ဘားအံမြို့တွင် ချုပ်နှောင်ထားကြောင်း၊ ဦးစောနေဗလု ကိုယ်တိုင် ဘားအံတွင် လာရောက်ဖြေရှင်းမှသာ ပြန်လွှတ်ပေးမည် ဖြစ်ကြောင်းကို ဦးမိုးကျော်နှင့် ဦးအောင်သန်းဆိုသူတို့ နှစ်ဦးထံ ဖုန်းဆက်အကြောင်းကြားခဲ့ကြောင်း၊ အဆိုပါ နှစ်ဦးက ဦးစောနေဗလုထံ ချက်ချင်းဖုန်းဆက်အကြောင်းကြားခဲ့ပြီး ဦးစောနေဗလု၏ စုံစမ်းချက်အရ အလုပ်သမားသုံးဦးကို လက်နက်ကိုင်တစ်စုက ဖမ်းဆီးချုပ်နှောင်ကာ ကားနှင့် ခေါ်ဆောင်ခိုင်းသူများမှာ ရုပ်ရှင်သရုပ်ဆောင် လွင်မိုး၊ ဦးကျော်သူရလှိုင်နှင့် ဦးစိန်အောင်မင်းတို့ သုံးဦး ဖြစ်ကြောင်း ယင်းသတင်းတွင် ဖော်ပြထားသည်။

ဖမ်းဆီးခံရသူ သုံးဦးအနက် နေမင်းက ၎င်းတို့ ပြန်လွတ်မြောက်ရန် ခြံစောင့်တာဝန်ပေးအပ်ခဲ့သော ကော့မူခူ ကုမ္ပဏီမှ မန်နေဂျင်း ဒါရိုက်တာ ဦးစောနေဗလုက ဖမ်းဆီးထားသူများနှင့် ကိုယ်တိုင် လာရောက်ဖြေရှင်းပေးရန်နှင့် ဖမ်းဆီးချုပ်နှောင်ရန် စေခိုင်းသူမှာ ရုပ်ရှင်သရုပ်ဆောင် လွင်မိုး ကင်မွန်းချောင်း ကျေးရွာနေ ဦးကျော်သူရလှိုင် ဦးစိန်အောင်မင်းတို့ ဖြစ်ကြောင်း ဖုန်းဖြင့် ဆက်သွယ်ခဲ့သောကြောင့် ဦးစောနေဗလုက ကင်မွန်းချောင်း နယ်မြေရဲစခန်းတွင် တရားလိုပြု အမှုဖွင့် တိုင်ကြားခဲ့ကြောင်း ယင်းသတင်းတွင် ဖော်ပြခဲ့သည်။

အဆိုပါသတင်းနှင့် ပတ်သက်၍ စံတော်ချိန်နေ့စဉ် သတင်းစာတိုက်ထံ ဆက်သွယ်မေးမြန်းခဲ့ရာ လတ်တလော ယင်းသတင်းနှင့် ပတ်သက်၍ ပြန်လည်မဖြေကြားပေးနိုင်ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယင်းအပြင် ကင်မွန်းချောင်း နယ်မြေရဲစခန်း ဖုန်းနံပါတ် ၀၉၂၅၅၇၁၀၀၅၇ သို့ အကြိမ်ကြိမ် ခေါ်ဆိုမေးမြန်းခဲ့သော်လည်း အမှုစစ် ရဲအရာရှိ မရှိသောကြောင့် အမှုဖြစ်စဉ် အသေးစိတ်ကို မဖြေကြားပေးနိုင်ကြောင်း ယင်းရဲစခန်းမှ တာဝန်ကျ ရဲအရာရှိက ဆိုသည်။

ကျိုက်ထိုမြို့နယ်တွင် ဟိုတယ်ဆောက်လုပ်ခွင့် ပါမစ်ရထားပြီး သတင်းတွင် ပါရှိသည့် အငြင်းပွား မြေနေရာနှင့် ၎င်းမှာ ပတ်သက်မှု မရှိခဲ့ကြောင်း ရုပ်ရှင်သရုပ်ဆောင် လွင်မိုးက ပြောကြားသည်။