News

POST TYPE

POPULAR POST

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှင့် ချင်းကိုယ်စားလှယ်တစ်ဦး လွှတ်တော်အတွင်း အပြန်အလှန်စကားများ
06-Dec-2018

နေပြည်တော်၊ ဒီဇင်ဘာ ၅

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းနှင့် ချင်းပြည်နယ် မဲဆန္ဒနယ် အမှတ် ၄ မှ ဦးဇုန်လှယ်ထန်းတို့သည် ယနေ့ (ဒီဇင်ဘာ ၅) ရက်က ကျင်းပသည့် အမျိုးသားလွှတ်တော်အစည်းအဝေးတွင် အပြန်အလှန် စကားအချေအတင်ဖြစ်ခဲ့သည်ကို တွေ့ရှိရသည်။

“ခင်ဗျားတင်တဲ့မေးခွန်းကို သက်ဆိုင်ရာက တတ်နိုင်သလောက် လုပ်ပေးထားတာပဲ။ မဟုတ်ဘူး ရှင်းရှင်းပြောတယ်။ ဦးဇုန်လှယ်ထန်း ခင်ဗျားမေးချင်ရင် သေချာတာ ဥက္ကဋ္ဌဆီတင်လိုက်။ ခင်ဗျား အခုဟာ မေးခွန်းမေးတာ၊ မေးခွန်းမေးတာ လွှတ်တော်ဥက္ကဋ္ဌဖြေဖို့ မရှိဘူး။ သူ့သက်ဆိုင်ရာကို တင်ဖို့ရာ၊ ဥက္ကဋ္ဌက ဖြေစေချင်တယ်ဆို မေးလိုက်၊ ဥက္ကဋ္ဌကို တိုက်ရိုက်တက်မေးလိုက်။ ဒီလွှတ်တော်မှာ လာမပြောနဲ့။ ရှင်းရှင်းလေးပဲ။ ခင်ဗျားရပ်လိုက်တော့ ဦးဇုန်လှယ်ထန်း”ဟု လွှတ်တော်ဥက္ကဋ္ဌ ဆိုသည်။

အစည်းအဝေးတွင် ဦးဇုန်လှယ်ထန်းက လွှတ်တော်ကိုယ်စားလှယ်များအား မဲဆန္ဒနယ်ရှိ ဒေသဖွံ့ ဖြိုးရေးစီမံကိန်း ရေးဆွဲရာတွင်လည်းကောင်း၊ အုပ်ချုပ်ရေး၊ လူမှုစီးပွားရေးကဏ္ဍတို့နှင့်စပ်လျဉ်း၍ ပြည်သူများ၏ဆန္ဒ ဖော်ဆောင်ရာတွင်လည်းကောင်း၊ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများကဖြစ်စေ၊ အာဏာပိုင်ပုဂ္ဂိုလ်ကဖြစ်စေ အလေးထားတိုင်ပင်ရန်အစီအစဉ် ရှိ မရှိ မေးမြန်းရာတွင် ဆောက်လုပ်ရေးဒုဝန်ကြီးက လာရောက်ဖြေကြားခဲ့ပြီးနောက် ဆက်စပ်မေးခွန်းမေးရာတွင် စကားအချေအတင်ဖြစ်ခဲ့ခြင်း ဖြစ်သည်။

ဆောက်လုပ်ရေးဒုတိယဝန်ကြီး ဦးကျော်လင်း၏ဖြေကြားချက်သည် ဆက်စပ်ဝန်ကြီးဌာနများနှင့်ပူးပေါင်း ဖြေကြားချက်ကြောင့် အဖက်ဖက်မှ ပြည့်စုံသောကြောင့် ကျေးဇူးတင်ရပြီး အခြားဝန်ကြီးဌာနများသည်လည်း ယင်းကဲ့သို့ ဌာနအသီးသီးနှင့် ပေါင်းစပ်ဖြေကြားပေးရန် အစီအစဉ် ရှိ မရှိကို ဦးဇုန်လှယ်ထန်းက ဆက်စပ်မေးခွန်းမေးမြန်းခဲ့ရာတွင် အထက်ပါအတိုင်း အပြန်အလှန် စကားများခဲ့ခြင်းဖြစ်သည်။

ဦးဇုန်လှယ်ထန်း၏ လွှတ်တော်အတွင်းပြောကြားချက်ကို မိုက်ပိတ်ထားခြင်းကြောင့် အသံမကြားရသော်လည်း လွှတ်တော်ဥက္ကဋ္ဌပြောကြားချက်တွင် “တစ်ခု ရှိတာက ဒီနေ့လာဖြေတာက သူ့ဌာနနဲ့သူ ဆက်စပ်တဲ့ဌာနတွေ တက်ဖြေတာ။ ဘယ်သူက စီစဉ်ပေးလို့ ဘယ်လိုလုပ်သွားရမလဲ။ စီစဉ်ပေးချင် ခင်ဗျားတို့ လွှတ်တော်တင်လိုက်”ဟု ကြားသိရသည်။

ဦးဇုန်လှယ်ထန်းအနေနှင့် နောက်ဆက်တွဲမေးခွန်းကို မေးမည်ဆိုပါက လုပ်ထုံးလုပ်နည်းနှင့်အညီ စာတင်ခြင်းကိုပြုလုပ်နိုင်ပြီး လက်ရှိမေးမြန်းထားသော မေးခွန်းနှင့် မသက်ဆိုင်သော ဆက်စပ်မေးခွန်းကို လွှတ်တော်အစည်းအဝေးတွင်မေးရန် ဥပဒေနှင့် မညီညွတ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက ပြောကြားခဲ့သည်။

ဦးဇုန်လှယ်ထန်းသည် ပထမလွှတ်တော်အစပိုင်းက ချင်းပါတီဝင်တစ်ဦးဖြစ်ပြီး ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲအပြီး NLD ပါတီလွှတ်တော်အတွင်း ရောက်ရှိလာပြီးနောက် NLD ပါတီဝင်အဖြစ် ပြောင်းရွှေ့ခဲ့သူဖြစ်သည်။

ယင်းနောက်၂၀၁၅ ရွေးကောက်ပွဲတွင် ချင်းပြည်နယ် မဲဆန္ဒနယ် အမှတ် ၄ မှ ပြည်သူ့ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံထားရသူဖြစ်သည်။

လွှတ်တော် ဥက္ကဋ္ဌနှင့် စကားအချေအတင်ဖြစ်ပွားရာမှ မိုက်ပိတ်ထားစဉ်ကာလအတွင်း ပြောဆိုမှုများနှင့်ပတ်သက်၍ ဦးဇုန်လှယ်ထန်းကို ဆက်သွယ်မေးမြန်းရာ “Sorry ဗျာ၊ ဖြေလို့မရလို့ပါ”ဟု ပြန်လည်ဖြေကြားသည်။

S-01