News

POST TYPE

POPULAR POST

ပြည်တွင်းရန် မရှင်းနိုင်လျှင် (Daily,Vol-4/No-166)
20-Oct-2016

တနင်္သာရီတိုင်း လောင်းလုံးမြို့နယ်ရှိ သစ်တောကြိုးဝိုင်းအတွင်း သစ်ခိုးထုတ်သူများက တရားမဝင် လုပ်သေနတ်များ ကိုင်ဆောင်ကာ ဒေသခံ ရေလုပ်သားများကို ခြိမ်းခြောက်နေသော သတင်းမှာ ယင်းဒေသကို သာမက နိုင်ငံတော်၏ တရားဥပဒေ စိုးမိုးရေးကိုပါ အတိအလင်း စိန်ခေါ်လိုက်ခြင်းပင်ဖြစ်သည်။

ယင်းအဖြစ်အပျက်နှင့် မရှေးမနှောင်း ရခိုင်ပြည်နယ်၊ မောင်တော အကြမ်းဖက် စီးနင်းမှု၊ ကျေးရွာများအား မီးရှို့မှု ကျူးလွန်သူတို့က လုံခြုံရေး တာဝန်ထမ်းဆောင်နေသူများနှင့် ဒေသခံများကို ခြိမ်းခြောက်သကဲ့သို့ လောင်းလုံး ဒေသခံများကို သစ်မှောင်ခိုသမားများက ခြိမ်းခြောက်ခြင်းလည်း ဖြစ်သည်။

ထို့အတူ ၂ဝ၁၄ ခုနှစ် ဒီဇင်ဘာလအတွင်းက ရှမ်းပြည်နယ် တောင်ပိုင်း၊ လင်းခေးခရိုင် သစ်တောဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး အပါအဝင် သစ်တောဝန်ထမ်း လေးဦး တရားမဝင် သစ်များ သွားရောက် ဖမ်းဆီးစဉ် လက်နက်ကိုင်များ၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သော ဖြစ်စဉ် ရှိခဲ့သည်။

ယခင့်ယခင်ကလည်း တရားမဝင် လက်နက် ကိုင်ဆောင်ထားသော သစ်ခိုးဂိုဏ်းများ၊ တရားမဝင် သစ်ခွဲစက်များ၊ တရားမဝင် သစ် အရောင်းဆိုင်များက ၎င်းတို့အား သတင်းပေး တိုင်ကြားမည် စိုးသောကြောင့် ဒေသခံများကို ခြိမ်းခြောက်ခဲ့သော ဖြစ်စဉ်များ နိုင်ငံတစ်ဝန်း ရှိခဲ့ပြီးဖြစ်သည်။ 

ရန်ကုန်မြို့တော်ကဲ့သို့ နေရာမျိုးတွင်ပင် ကြည့်မြင်တိုင်မြို့နယ်ရှိ သစ်ဆိုင် တစ်ဆိုင်ကို လမ်းပေါ်မှ ဓာတ်ပုံ ရိုက်ယူသော သတင်းထောက် တစ်ဦးကို ရပ်ကွက် အုပ်ချုပ်ရေးမှူးဟောင်းဖြစ်သူ သစ်ဆိုင်ပိုင်ရှင်နှင့် ဆိုင်လုပ်သားများက လမ်းပေါ်သို့ ထွက်လာပြီး သူခိုးဟု အော်ဟစ်စွပ်စွဲကာ သတင်းထောက်ကို လူပုံ အလယ်တွင် အကြမ်းဖက် ဖမ်းဆီး၊ ရိုက်နှက်၊ ကင်မရာ သိမ်းဆည်းခဲ့သည့် အမှုအခင်း ဖြစ်ပွားခဲ့ဖူးသည်။

ယင်းဖြစ်စဉ်ကို သက်ဆိုင်ရာ မီဒီယာက ကြည့်မြင်တိုင်မြို့နယ် ရဲစခန်းသို့ တိုင်ကြားသည့်အခါ ရဲစခန်းက ပြစ်မှု ကျူးလွန်သူများကို ရဲလုပ်ငန်းစဉ်၊ ရဲကျင့်ဝတ်နှင့်အညီ ဥပဒေအတိုင်း ဆောင်ရွက်ခြင်း မရှိခဲ့သောကြောင့် ယနေ့အထိတိုင် ထိုတရားခံများ အရေးယူခြင်း မခံခဲ့ရပေ။

ဆိုလိုသည်မှာ သစ်တော သယံဇာတ အပါအဝင် မြေပေါ်မြေအောက် သယံဇာတများကို နည်းမျိုးစုံဖြင့် ခုတ်ထွင်၊ တူးဖော် ထုတ်လုပ် ရောင်းချခဲ့သော မြန်မာနိုင်ငံတွင် ဒေသခံ အာဏာပိုင်များ၊ လုံခြုံရေး တပ်ဖွဲ့များနှင့် လက်ဝါးရိုက် ထားသူ သယံဇာတ မှောင်ခိုသမားများက ဒေသခံပြည်သူများကို အနိုင်အထက်ပြု၊ ခြိမ်းခြောက်လာခဲ့သည်မှာ ဆယ်စုနှစ် နှစ်ခုကျော် ရှိခဲ့သော်လည်း ထိရောက်သည့် နှိမ်နင်း၊ အရေးယူမှု မရှိသေးခြင်းကို ဆိုလိုသည်။

မြန်မာနိုင်ငံတွင် ယနေ့ အချိန်အထိ လမ်းပေါ်နှင့် နေရာ အနှံ့အပြားတွင် ဖမ်းဆီး ရမိနေသော ပစ္စည်း နှစ်မျိုးမှာ မူးယစ်ဆေးဝါးနှင့် တရားမဝင် သစ်လုံး၊ သစ်ခွဲသားများ ဖြစ်နေပြီး ပမာဏ ကြီးမားပါက မည်သည့်အခါမျှ တရားခံ မမိဘဲ ပိုင်ရှင်မဲ့ချည်း ဖြစ်နေခြင်းမှာလည်း ယုံရခက်စရာ ဖြစ်နေသည်။

ယခင်က နိုင်ငံရေးနှင့် နှီးနွှယ်သော ကိစ္စရပ်တိုင်း၊ အစိုးရ သို့မဟုတ် တပ်မတော် ထောက်လှမ်းရေး မျက်မုန်းကျိုးသူတိုင်း၏ အကြောင်းကို အပ်ကျသည်မှအစ ထောက်လှမ်းသိရှိ ဖမ်းဆီးကာ နှစ်ရှည်ထောင်ဒဏ်များ ချမှတ်နိုင်သည်အထိ စွမ်းဆောင်ခဲ့သော်လည်း ယနေ့ လုပ်သေနတ်ကိုင် ရမ်းကားနေသော သစ်မှောင်ခိုသမားလောက်ကိုပင် အရေးမယူနိုင်ခြင်းမှာ တာဝန်ရှိသူများ အဖို့ များစွာ ရှက်စရာ ကောင်းလှသည်။

ပြည်တွင်းရှိ သစ်ခိုးဂိုဏ်းများ၊ သစ်မှောင်ခိုဂိုဏ်းများ၊ တရားမဝင် သစ်ရောင်းဝယ်မှုများကိုပင် ထိရောက်စွာ မရှင်းလင်းနိုင်သေးဘဲ ထိုထက် ပို၍ ပမာဏကြီးမား၊ ပို၍ ရှုပ်ထွေးပွေလီသော မူးယစ်မှောင်ခိုမှုများ၊ မူးယစ်ရာဇာကြီးများနှင့် သောင်းကျန်းသူ၊ သူပုန်များကဲ့သို့ ပြည်တွင်းရန်များ နှိမ်နင်းရေးနှင့် ပြည်ပရန်စွယ်များ တိုက်ခိုက် တွန်းလှန်ရေး ဖြစ်နိုင်ခြေ ရှိ မရှိ ဆင်ခြင် သုံးသပ် သင့်ကြောင်း သိစေအပ်ပေသည်။

 အယ်ဒီတာ (၂ဝ-၁ဝ-၂ဝ၁၆)


  • VIA