News

POST TYPE

POPULAR POST

ဒေါ်လာဈေး ထိုးကျ
04-Dec-2018



ရန်ကုန်၊ ဒီဇင်ဘာ ၎

ကျဆင်းနေသော အမေရိကန်ဒေါ်လာဈေးနှုန်းသည် ဒီဇင်ဘာ ၃ ရက်နေ့ကထက် တစ်ရက်တည်း တစ်ဒေါ်လာလျှင် ၆၀ ကျပ်သို့ ထိုးကျကြောင်း ငွေကြေးဈေးကွက်အတွင်းမှ သိရသည်။

လက်ရှိပြင်ပဈေးကွက်အတွင်း ဒေါ်လာရောင်းသူများပြားနေသည့်အပြင် ပြည်ပတင်ပို့မှုများပြားသည့်ကာလ ဖြစ်သည့်အတွက် ပို့ကုန်မှရသည့်နိုင်ငံခြားငွေ (Earning) ဈေးနှုန်းဆက်ကျသဖြင့် ပြင်ပဒေါ်လာဈေးနှုန်းများ ကျဆင်းခြင်းဖြစ်ကြောင်း ငွေကြေးဈေးကွက်ကျွမ်းကျင်သူများက ဆိုသည်။

လက်ရှိဒေါ်လာဈေးသည် ရုတ်တရက်ထိုးကျခြင်းကြောင့် ပို့ကုန်လုပ်ငန်းရှင်များကို ထိခိုက်စေပြီး သွင်းကုန် လုပ်ငန်းရှင်များကို သက်သာစေမည်ဖြစ်သော်လည်း ယင်းကဲ့သို့ ဒေါ်လာဈေးမတည်ငြိမ်မှုသည် တိုင်းပြည်စီးပွားရေးကို ထိခိုက်စေကြောင်း စီးပွားရေးလေ့လာသုံးသပ်သူများက ဆိုသည်။

“တစ်ရက် ၅ ကျပ်လောက် အတက်အကျဖြစ်တာက ပြဿနာမဟုတ်ဘူး။ အခုလို ထိုးကျတာချည်းက မဖြစ်သင့်ဘူး”ဟု ငွေကြေးပိုင်းဆိုင်ရာ ကျွမ်းကျင်သူတစ်ဦးက သုံးသပ်ပြောကြားသည်။

ဒေါ်လာဈေးကွက်အတွင်း Earning ဈေးသည် ဒီဇင်ဘာလ ၁ ရက်နေ့က တစ်ဒေါ်လာလျှင် ၁၅၅၀ ခန့်မှ ယခုအခါ တစ်ဒေါ်လာလျှင် ၁၅၁၀ ကျပ်သို့လည်းကောင်း၊ ပြင်ပဈေးသည် ဒီဇင်ဘာလ ၁ ရက်နေ့က တစ်ဒေါ်လာလျှင် ၁၅၆၄ ကျပ်မှ ယခုအခါ ၁၅၀၀ ကျပ်သို့လည်းကောင်း ဈေးနှုန်းများကျဆင်းကြောင်း ငွေကြေးဈေးကွက်အတွင်းမှ သိရသည်။

S-04