News

POST TYPE

POPULAR POST

ဂျာမနီ အစ္စလာမ် အခမ်းအနားတစ်ခုတွင် ဝက်အူချောင်းများကြောင့် အမျက်ထွက်
03-Dec-2018



ဘာလင်၊ ဒီဇင်ဘာ ၂

ယခုသီတင်းပတ်အစောပိုင်းက ဘာလင်တွင်ကျင်းပသော အစ္စလာမ်ညီလာခံတစ်ခုတွင် ဝက်အူချောင်းများတည်ခင်းခဲ့ခြင်းနှင့်ပတ်သက်၍ စိတ်မကောင်းကြောင်း ဂျာမန်ပြည်ထဲရေးဝန်ကြီးက ပြောကြားလိုက်သည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။

အခမ်းအနား၌ ကျွေးမွေးရန် အစား အသောက်ရွေးချယ်မှုပုံစံသည် ဂျာမန်အစ္စလာမ်ညီလာခံတွင် ယုံကြည်ကိုးကွယ်မှု ကွဲပြားစုံလင်စွာ တက်ရောက်ခြင်းအတွက် စီစဉ်ထားခြင်းဖြစ်သည်ဟု ဝန်ကြီးဌာနက ပြောကြားသည်။

သို့ရာတွင် ဘာသာရေးယုံကြည်မှုအပေါ် စော်ကားသကဲ့သို့ ခံစားရပါက တောင်းပန်ပါသည်ဟု ဝန်ကြီးဌာနက ထုတ်ပြန်သည်။

အစ္စလာမ်ဘာသာသည် ဂျာမနီတွင် အံမဝင်ဟု မတ်လက ပြောကြားခဲ့သူ ပြည်ထဲရေးဝန်ကြီး ဟို့စ်ရှော်ဖာက အဆိုပါ အခမ်းအနားကို ဦးဆောင်ကျင်းပခဲ့ခြင်းဖြစ်သည်။

အခမ်းအနားသို့ တက်ရောက်သူ အများစုမှာ မွတ်ဆလင်များဖြစ်ပြီး မွတ်ဆလင်များသည် အစ္စလာမ်ဥပဒေအရ ဝက်သားစားခြင်းကို တားမြစ်ထားသူများဖြစ်သည်။

တည်ခင်းသော ဝက်အူချောင်းမှာ ဝက်သွေး၊ ဝက်သားနှင့် ဝက်ပေါင်ခြောက်များဖြင့် ထည့်သွင်းပြုလုပ်ထားသော အမျိုးအစားဖြစ်သည်ဟု သိရှိရသည်။

ဂျာမန်သတင်းထောက် တန်ကေး အိုဇဒါမာက “ရှော်ဖာရဲ့ ပြည်ထဲရေးဝန်ကြီးဌာနက ဘာကို အချက်ပြချင်တာလဲ။ ဝက်သားမစားတဲ့ မွတ်ဆလင်တွေကို နည်းနည်းတော့ လေးစားဖို့ကောင်းတယ်” ဟု twitter တွင် ဝေဖန်သည်။

အခမ်းအနားအဖွင့်တွင် အမှာစကားပြောကြားသော ရှော်ဖာက ဂျာမနီတွင် ဂျာမန်မွတ်ဆလင်များကိုသာ မြင်တွေ့လိုသည်ဟုလည်း ပြောကြားခဲ့သည်။

သို့ရာတွင် ရှော်ဖာ၏အပြုအမူသည် ဂျာမနီရှိ မွတ်ဆလင်အများစု၏ ထောက်ခံမှုကို ရမည်မဟုတ်ဟု အိုဇမာဒါက မှတ်ချက်ပေးသည်။

အခမ်းအနားတွင် တည်ခင်းသော အစားအစာ ၁၃ မျိုးတွင် ဟာလာ၊ ဟင်းသီးဟင်းရွက်၊ အသားနှင့် ငါးဟင်းများပါဝင်ပြီး ရှင်းရှင်းလင်းလင်း အမှတ်အသားပြုထားသည်ဟု ပြည်ထဲရေးဝန်ကြီးဌာန ထုတ်ပြန်ချက်တွင် ပါဝင်သည်။

၂၀၀၆ ခုနှစ်က ဂျာမန် အစ္စလာမ် ညီလာခံတွင် ဝက်သားကို ဝက်ပေါင်ခြောက်ပုံစံဖြင့် ပထမဆုံးစတင် တည်ခင်းခဲ့သည်ဟု ဂျာမန်မီဒီယာအချို့က ရေးသားကြသည်။

ဟို့စ်ရှော်ဖာသည် လက်ယာစွန်း AfD ပါတီ မဲဆန္ဒရှင်များ၏ ထောက်ခံမှုကို ရယူရန်ကြိုးစားသည်ဟု ယူဆရသော မှတ်ချက်များကို မတ်လက ပြောကြားခဲ့ရာ ဂျာမနီနိုင်ငံကို ခရစ်ယာန်ဘာသာက ပုံသွင်းခဲ့သောကြောင့် အစ္စလာမ်ဘာသာနှင့် အံမဝင်ဟု ပြောဆိုခဲ့သည်။

သို့တိုင်အောင် ရှော်ဖာ၏ CSU ပါတီသည် ယခင်လက ဘာဗေးရီးယန်း ရွေးကောက်ပွဲများတွင် ကြီးမားသောအရှုံးကို ကြုံတွေ့ခဲ့ရသည်။

F-04