News

POST TYPE

POPULAR POST

Golden Jda Auto Service မှ အုပ်ချုပ်မှု ဒါရိုက်တာ ဦးသိန်းဦးနှင့် တွေ့ဆုံခြင်း
03-Dec-2018



အင်ဂျင်ဝိုင်

“ကီလိုဘယ်လောက်သုံးပြီးရင် ဘာအင်ဂျင်ဝိုင်ပြောင်းသုံးဆိုတာကြီးက မှားနေတာ”

လက်ရှိမြန်မာနိုင်ငံတွင် အင်ဂျင်ဝိုင်ကို ဘယ်လိုသုံးရမည်နည်း၊ မည်ကဲ့သို့ လွဲမှားအသုံးပြုနေကြသလဲ၊ ယင်းသို့ အင်ဂျင်ဝိုင်ကို လွဲမှားစွာအသုံးပြုနေခြင်းကြောင့် ကားအင်ဂျင်ကို မည်ကဲ့သို့ထိခိုက်စေသနည်း ဆိုသည်များနှင့်ပတ်သက်သည့် အကြောင်းအရာများကို Golden Jda Auto Service မှ အုပ်ချုပ်မှုဒါရိုက်တာဦးသိန်းဦးနှင့် The Voice Daily တို့ တွေ့ဆုံမေးမြန်းထားမှုများကို ဖော်ပြပေးအပ်ပါသည်။

Voice : ကားအင်ဂျင်ဝိုင်ကို သတ်မှတ်ထားတဲ့ အင်ဂျင်ဝိုင်ကိုမသုံးရင် ဘာတွေဖြစ်နိုင်လဲ။
UTO : ဒီမှာက ကားအများစုက ဂျပန်ကားတွေများတယ်။ အဲ့တော့ ဒီနိုင်ငံမှာဘာဖြစ်လဲဆိုတော့ ကားတွေက ဂျပန်နိုင်ငံက လာတယ်ဆိုပြီး မြန်မာနိုင်ငံရဲ့ ရာသီဥတုကပူတယ်ဆိုပြီးတော့ ကီလိုတစ်သိန်းကျော်  သွားပြီဆိုရင် အင်ဂျင်ဝိုင်က ၁၀/၄၀ (အင်ဂျင်ဝိုင် အပျစ်အမျိုးအစား) ကို သုံးကြတယ်။ နောက်တစ်ခုက Hybrid ကားဆိုရင်လည်း ၅/၃၀၊ ၁၀/၃၀၊ ၁၀/၄၀ (အင်ဂျင်ဝိုင်အမျိုးအစားများ) ဆိုပြီး ထည့်နေကြတယ်။ တကယ်တော့ Hybrid ကားဆိုရင် ဝ/၂၀ ပဲသုံးရမှာ။ ဘယ်ကီလိုရောက်ရောက် ဒီဟာသုံးရမှာ။ တကယ်ကကားထုတ်လုပ်တဲ့ ကုမ္ပဏီကိုယ်တိုင်က သူတို့ထုတ်လိုက်ကတည်းက ဒီကားအတွက် ဒီအင်ဂျင်ဝိုင်ပဲ သုံးဆိုပြီး လမ်းညွှန်ပေးပြီးသား။ အင်ဂျင်ကောင်းနေသရွေ့ ဒါပဲသုံးရမှာ။ အဲလိုတွေ မှားသုံးနေကြတော့ အင်ဂျင်ထဲမှာက လုံးဝအင်ဂျင်ဝိုင်တွေက ပျစ်ခဲပြီးအထဲမှာ အကုန်ပိတ်ကုန်ရော၊ အင်ဂျင်ကို အရမ်းကြီး ရုန်းခိုင်းသလိုဖြစ်နေတော့ အင်ဂျင်ကိုပါသွားပြီး ဒုက္ခရောက်စေတယ်။ ဂျပန်နိုင်ငံက ထုတ်ထားတဲ့ ကားတွေကို ၁၀/၄၀ အင်ဂျင်ဝိုင်သုံးပါဆိုပြီး ဘယ်ကုမ္ပဏီကမှ မညွှန်ပေးထားဘူး။ ဝ/၂၀၊ ၅/၃၀၊ ၁၀/၃၀ ပဲသုံးခိုင်းထားတာ။ ဒီဇယ်ကားတွေဆိုရင် ပိုဆိုးတယ်။ ဒီကလူတွေက မသိဘူး။ ဒီဇယ်ကားတွေဆိုပြီး ၁၀/၄၀၊ ၅/၄၀ တွေထည့်သုံးဖြစ်တာ။ အခု ခေတ်ဝင်လာတဲ့ ဒီဇယ်ကားတွေကပိုဆိုးတယ်။ ၅/၃၀  ပဲ ထည့်ရတာ။ ဘာလို့လဲဆိုရင် DPS တွေပါလာပြီ။ DPS ပါလာပြီဖြစ်တဲ့အတွက် DL 1 ဆိုတဲ့ အင်ဂျင်ဝိုင်ပဲ ထည့်ရတယ်။ အဲလိုကားမျိုးတွေကို အရင်တုန်းကလို 2C၊ 3C၊ 4C လိုမှတ်ပြီး ၁၀/၄၀ တွေထည့်လိုက်တော့ ဒုက္ခရောက်ကုန်ရော။ အဲ့ကားက Check မီးတွေထလင်း အင်ဂျင်ထဲမှာ အင်ဂျင်ဝိုင်တွေ ပိတ်ကုန်ရော။ ကျွန်တော်တို့ဆီမှာ လာပြင်တဲ့ ကားတော်တော်များများက အဲ့လို အင်ဂျင်ဝိုင်မှားသုံးလို့ရောက်လာကြတာ အများကြီးပဲ။ အဲတော့ အင်ဂျင်ဆေးတဲ့ စက်ကြီးနဲ့ အင်ဂျင်ထဲက အဲ့အင်ဂျင်ဝိုင်တွေကို အကုန်ဆေးကြောလိုက်ပြီး သူ့ကားအတွက် အရင်ကတည်းက သတ်မှတ်ထားတဲ့ အင်ဂျင်ဝိုင်အမျိုးအစားကို ပြန်ထည့်ပေးလိုက်တော့ ကားပြန် အဆင်ပြေသွားတယ်။ 

Voice : ကားအသုံးပြုပြီးတဲ့ ကီလိုအလိုက် အင်ဂျင်ဝိုင်ပြောင်းသုံးဖို့လိုလား။
UTO : ဒီမှာလုံးဝလွဲနေတဲ့ကိစ္စက အဲ့ဒါပဲ။ ကီလိုဘယ်လောက်သုံးပြီးရင် ဘာအင်ဂျင်ဝိုင်ပြောင်းသုံးဆိုတာကြီးက မှားနေတာ။ ကီလိုဘယ်လောက်သုံးပြီးရင် ပုံမှန်သုံးရမယ့် အင်ဂျင်ဝိုင် အမျိုးအစားထက် ပိုပြီးပျစ်တဲ့ အင်ဂျင်ဝိုင်ကို ပြောင်းသုံးကြတယ်။ အဲဒါကြီးကလုံးဝကိုမှားနေတဲ့ ကိစ္စကြီး၊ ဒီမှာကတချို့ ဝပ်ရှော့တွေဆိုရင် သူတို့ကိုယ်တိုင်ကကားအသုံးပြုသူတွေက အဲလိုတွေ ညွှန်နေကြတယ်။ အင်ဂျင် Performance ကောင်းနေသေးတဲ့ ကာလပတ်လုံး ကားတစ်စီးကသူ့သတ်မှတ်ထားတဲ့ အင်ဂျင်ဝိုင်ကိုပဲ ထည့်သုံးထားရင် ဘာမှကိုမဖြစ်ဘူး။ ဒါမှမဟုတ် သူ့ အင်ဂျင်ကကျနေပြီဖြစ်တဲ့အတွက် အဲဒါကမပြင်နိုင်သေးတဲ့အတွက် သူကဆီစားမှာနဲ့ အင်ဂျင်ဝိုင်စားမှာ ကြောက်တဲ့အတွက် အင်ဂျင်ဝိုင်အထူလေးကို ပြောင်းသုံးလိုက်တယ်။ အဲဒါက ခဏကုစားတာပဲ ရမယ်။ အင်ဂျင်နည်းနည်းကျနေလို့ ချက်ချင်းပြင်လိုက်ရင် ငွေကြေးအရမ်းမကုန်သလို အင်ဂျင်လည်း အများကြီးမထိခိုက်ဘူး။ ယာယီကုစားနည်းတွေနဲ့ အင်ဂျင်ဝိုင်အပျစ်တွေ ပြောင်းသုံးလိုက်တော့ အင်ဂျင်မှာက တခြားမထိခိုက်သေးတဲ့ အစိတ်အပိုင်းတွေက ပါသွားပြီး တခြားဆိုးကျိုးတွေပါ ဖြစ်ကုန်တယ်။ နောက်ဆုံး အင်ဂျင်တစ်ခုလုံး ပျက်စီးသွားတဲ့ အခြေအနေတွေအထိ ဖြစ်ကုန်ရော။ အင်ဂျင် လုပ်ဆောင်နိုင်စွမ်းပြည့်နေတဲ့ ကားတစ်စီးသည် လုံးဝရာသီ ဥတုပူတာအေးတာမပြောနဲ့ အင်ဂျင်ဝိုင်တွေက ထုတ်လုပ်လိုက်ကတည်း ပူတဲ့ရာသီမှာပူသလောက် လိုက်မပျော်သွားအောင်နဲ့ အေးတဲ့ရာသီမှာ အေးသလောက် လိုက်မခဲအောင် ဆေးထည့်ပေးပြီးသား ထုတ်လုပ်ထားတာဖြစ်တဲ့အတွက် ကားကုမ္ပဏီက သတ်မှတ်ထားတဲ့ အင်ဂျင်ဝိုင်ကိုပဲသုံးစေချင်တယ်။ အဲလိုမှ မဟုတ်ဘူး၊ အင်ဂျင်ဝိုင်တွေ လျှောက်သုံးနေမယ်ဆိုရင် ကားတွေက ခဏလေးနဲ့ကို ပျက်တယ်။

Voice : အင်ဂျင်ဝိုင် မှားသုံးထားရင် အင်ဂျင်ကို ဘာတွေထိခိုက်နိုင်လဲ။ 
UTO : အင်ဂျင်တစ်လုံးက ၅/၃၀ တို့၊ ဝ/၂၀ တို့ ထည့်ရမယ်ဆိုပြီး သတ်မှတ်ထားတဲ့ ကားတွေရှိတယ်။ အဲ့ဒါကို ၁၀/၃၀ တို့၊ ၁၀/ ၄၀ တို့  သူ့သတ်မှတ်ချက်တဲ့ ကျော်လွန်တဲ့ ၁၅/၄၀ တို့ သုံးလိုက်မယ်ဆိုရင် အင်ဂျင်က အသံတွေ ဆူညံလာမယ်။ ဆွဲဆောင်အားကျလာမယ်။ ဆီစားလာမယ်။ ဘာလို့လဲဆိုရင် အင်ဂျင်ထဲမှာက လည်ပတ်ဖို့အတွက် ထည့်ထားတဲ့ အင်ဂျင်ဝိုင်က အပျစ်တွေဖြစ်နေတဲ့အတွက် အင်ဂျင်လေးလာပြီး ကားကအဆွဲအရုန်းလေးလာတော့ လီဗာကို ဆက်တိုက်နင်းနေရတော့ ဆီစားတဲ့ ပြဿနာတွေဖြစ်တယ်။ အင်ဂျင်တစ်လုံးဟာ သူ့သတ်မှတ်ထားတဲ့ အင်ဂျင်ဝိုင်ကိုပဲ ထည့်မယ်ဆိုရင် ကီလိုသုံးသိန်းလောက်အထိ အေးအေးဆေးဆေးသုံးလို့ရတယ်။ နောက်တစ်ခုက အင်ဂျင်ဝိုင်ကို ဟိုဟာတွေ့လည်းထည့်မယ်၊ ဒီဟာတွေ့လည်း ထည့်မယ်ဆိုရင် အဆင်မပြေဘူးပေါ့။ သူ့အရည်အသွေးသတ်မှတ်ချက်အတိုင်း ထုတ်လုပ်ထားတဲ့ အင်ဂျင်ဝိုင် အမှတ်တံဆိပ်တွေတော့ ဖြစ်ဖို့လိုတာပေါ့။ အဲလိုမျိုးအရည်အသွေးမပြည့်တဲ့ အင်ဂျင်ဝိုင်တွေသုံးမယ်၊ အင်ဂျင်ဝိုင်အပျစ်တွေ သုံးမယ်ဆိုတော့ အင်ဂျင်ကခဏလေးနဲ့ကိုသွားမှာပဲ။ ပြီးတော့ ဒီမှာက အမှတ်တံဆိပ်အတုနဲ့ အင်ဂျင်ဝိုင်တွေက အစစ်ဈေးနဲ့ တစ်ထောင်နှစ်ထောင်လောက်ပဲ လိုက်ခွာရောင်းတော့ ဝယ်တဲ့သူကလည်း အော်ဒါက အစစ်ပဲ ဆိုင်မတူလို့သာ တစ်ထောင်နှစ်ထောင်ပဲ ကွာတယ်ဆိုပြီးဝယ်သုံးကြတယ်။ အဲဒါတော့ တွေ့ရာဆိုင်က မဝယ်ဘဲ အမှန်တကယ် အမှတ်တံဆိပ်တွေဖြန့်ဖြူးနေတဲ့ ဆိုင်တွေကပဲဝယ်သုံးကြမှ အဆင်ပြေနိုင်မှာပေါ့။ အတုကတော့ ရှောင်းရှားနိုင်မှ သုံးမိလို့ကတော့ ကိုယ့်အင်ဂျင်ကို ကိုယ်ဖျက်သလိုဖြစ်နေမယ်။

Voice : ကားအင်ဂျင်ဝိုင်နဲ့ အင်ဂျင်မပျက်စီးအောင် ဘယ်လိုပုံမှန်စစ်ဆေးပြုပြင်သင့်လဲ။
UTO : အင်ဂျင်နဲ့ ပြုပြင်ထိန်းသိမ်းမှုမှ မဟုတ်ပါဘူး။ ကားနဲ့ပတ်သက်တဲ့ဘာပဲဖြစ်ဖြစ် မဖြစ်ခင်ကတည်း ပြင်ဆင်စစ်ဆေးပေးတဲ့ အလေ့အကျင့်လေးထား ပေးဖို့လိုတယ်။ ဒီမှာကဖြစ်မှ၊ ပျက်မှ ပြင်ကြတာ များတယ်။ မဖြစ်ခင်ကတည်းက ပုံမှန်လေး စစ်ဆေးပေးသင့်တယ်။ ပုံမှန်ကီလိုဘယ်လောက်မောင်းပြီးရင် အင်ဂျင်ဝိုင်လဲမယ်ဆိုတာလေးတွေကို အချိန်ဇယားလေး ဆွဲထားသင့်တယ်။ ရန်ကုန်မြို့မှာ မောင်းနေရတဲ့ ကားတွေဆိုရင် ကီလိုလေးထောင်ကနေ ခြောက်ထောင်လောက်ဆိုရင်တော့ အင်ဂျင်ဝိုင်လဲတာတွေနဲ့ အင်ဂျင်ရဲ့အစိတ်အပိုင်းလေးတွေကို ပုံမှန်လေးစစ်ဆေးသင့်ပါတယ်။

Voice : အခုလိုဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။

အောင်သီဟ