News

POST TYPE

POPULAR POST

ရေကြောင်းဘတ်စ် ကျောက်တန်းရေလယ်ဘုရားဖူးခရီးစဉ် ယနေ့ ပြေးဆွဲမည်
02-Dec-2018



ရန်ကုန်၊ ဒီဇင်ဘာ ၁

ရန်ကုန်မြစ်တွင်းခရီးစဉ်ပြေးဆွဲနေသည့်ရေကြောင်းဘတ်စ်သည် ဗိုလ်တထောင်-သန်လျင်-ကျောက်တန်း ရေလယ်ဘုရားဖူး ခရီးစဉ်ကို ယနေ့ (ဒီဇင်ဘာလ ၂ ရက်) နံနက် ၉ နာရီမှစ၍ ပြန်လည်ပြေးဆွဲမည်ဖြစ်ကြောင်း Yangon Water Bus မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

“ခရီးသည်တွေရဲ့ တောင်းဆိုချက်အရ အထူးအစီအစဉ်အနေနဲ့ ပြေးဆွဲပေးတာပါ။ နောက်ပိုင်း ဒီရေအတက်အကျပေါ်မူတည်ပြီးတော့ အပတ်စဉ်ပြေးဆွဲနိုင်ဖို့တော့ စီစဉ်နေတယ်” ဟု ၎င်းက ဆိုသည်။

ယင်းခရီးစဉ်မှ မြစ်ကြောင်းတစ်လျှောက်ရှိ မြင်ကွင်းအလှများကို ကြည့်ရူခံစားနိုင်မည်ဖြစ်ပြီး ကျောက်တန်းရေလယ်ဘုရားသို့ ရောက်ရှိပါက ဘုရားဖူးနှင့် ကမ်းနားဈေး လည်ပတ်ရန် အချိန် ၂ နာရီ ပေးမည်ဖြစ်ကြောင်း Yangon Water Bus ထံမှ သိရသည်။

အဆိုပါခရီးစဉ်အတွက် တစ်ဦးလျှင် လက်မှတ်ခ ခြောက်ထောင်ကျပ်သတ်မှတ်ထားပြီး ခရီးသည်၏ ထိခိုက်မှုအာမခံလည်း ယင်းလက်မှတ်ခ၌ အကျုံးဝင်ပြီး ရေသန့်၊ ကော်ဖီနှင့် Lunch Box တို့ဖြင့် ဧည့်ခံသွားမည်ဖြစ်ကြောင်း ထပ်မံသိရသည်။

“ဈေးနှုန်းနဲ့သင့်တော့ ရေလမ်းကြောင်းကနေ ရှုခင်းလေးတွေကြည့်ချင်လို့ လက်မှတ်ဖြတ်ထားတာပါ။ ရုံးပိတ်ရက်လေးဆိုတော့ အဆင်ပြေတယ်” ဟု ယင်းခရီးစဉ်အတွက် ဗိုလ်တထောင်ဆိပ်ကမ်း၌ ဒီဇင်ဘာလ ၁ ရက်က ကိုယ်တိုင်လက်မှတ်ဝယ်ယူခဲ့သူ ကိုဖြိုးဇင်လင်းက ဆိုသည်။

ခရီးစဉ်လက်မှတ်များကို Yangon Water Bus ၏ လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ကြိုတင်မှာယူနိုင်ပြီး ဗိုလ်တထောင်ဆိပ်ကမ်း၌လည်း လာရောက်ဝယ်ယူနိုင်ကြောင်း Yangon Water Bus ထံမှ သိရသည်။

J-17