News

POST TYPE

POPULAR POST

ရွှေဆိုင်မှ ဆွဲကြိုးကို ခိုပြေးသော အငှားယာဉ်မောင်းကိုဖမ်းမိ
01-Dec-2018

ရန်ကုန်၊ ဒီဇင်ဘာ ၁

ဒေါပုံမြို့နယ်၊ မြို့သစ်ရပ်ကွက်၊ ဇေယျာသီရိလမ်းနှင့် တေဇလမ်းထောင့်ရှိ ရွှေဆိုင်မှ ရွှေဆွဲကြိုးတစ်ကုံးကိုခိုးယူပြီး အငှားယာဉ်ဖြင့် ထွက်ပြေးသူကို ပန်းဘဲတန်းမြို့နယ်ရှိ အနော်ရထာလမ်းနှင့် လမ်း ၃၀ ထောင့်တွင် ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ဖမ်းမိသူ အငှားယာဉ်မောင်း အသက် ၃၃ နှစ် ပြည့်ဖြိုးအောင်မှာ ဒေါပုံမြို့နယ်၊ ဗိုလ်ထွန်းဇံရပ်ကွက်တွင် နေထိုင်သူဖြစ်ပြီး နိုဝင်ဘာလ ၃၀ ရက် မွန်းလွဲပိုင်းက ကယ်ဒီးနား အငှားယာဉ်တစ်စီးဖြင့် မြို့သစ်ရပ်ကွက်၊ ဇေယျာသီရိလမ်းနှင့် တေဇလမ်းထောင့်တွင် ဖွင့်လှစ်ထားသော ရွှေဆိုင်သို့ ရောက်ရှိလာခဲ့ကြောင်း ရဲအရာရှိကပြောသည်။

“ဆိုင်ရှင် အမျိုးသမီးကို အခုဖမ်းဆီးထားသူက ရွှေဝယ်ချင်တယ်လို့ပြောပြီး ကောင်တာထဲမှာရှိတဲ့ ဆွဲကြိုးတစ်ကုံးကို ထုတ်ပြခိုင်းတယ်။ ဒါပေမဲ့ ဝယ်မသွားဘူး။ သူ့မှာ ငွေငါးသိန်းကျော်ပဲပါလာလို့ သူငယ်ချင်းတွေဆီမှာ လိုတဲ့ငွေ သွားချေးဦးမယ်ဆိုပြီး ပြန်ထွက်သွားတယ်။ သိပ်မကြာဘူး အဲဒီလူက ဆိုင်ရောက်လာပြီး ခုနက သူကြည့်ထားတဲ့ဆွဲကြိုးကို ထပ်ပြခိုင်းတယ်။ ပြီးတော့ ဆိုင်ရှင်ကို ကောင်တာထဲမှရှိတဲ့ နောက်ထပ်ဆွဲကြိုးတစ်ကုံး ထပ်ထုတ်ပြခိုင်းချိန် အရင်ထုတ်ပြထားတဲ့ ဆွဲကြိုးကိုယူပြီး ဆိုင်ရှေ့မှာ ရပ်ထားတဲ့ အငှားကားနဲ့ မောင်းပြတာ။ အခင်းဖြစ်နေ့ ညပိုင်းမှာပဲ တရားခံကို ဖမ်းဆီးရမိခဲ့တယ်”ဟု ရဲအရာရှိက ရှင်းပြသည်။

ရွှေဆွဲကြိုးခိုးယူပြေးသည့် အမျိုးသားကို ဒေါပုံမြို့မ ရဲစခန်းက ခိုးမှုဖြင့် အမှုဖွင့် အရေးယူထားပြီး အခြားကျူးလွန်ထားသည့် ပြစ်မှုများ ရှိ မရှိကို တိုက်ဆိုင်စစ်ဆေးလျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03