News

POST TYPE

POPULAR POST

လက်တွေ့ကျကျပြော၊ ပြောသည့်အတိုင်းလုပ် (Daily, Vol-4/No-165)
19-Oct-2016
တရားဥပဒေ စိုးမိုးရေးအလို့ငှာ ရန်ကုန်မြို့တော်ရှိ လမ်းမီးတိုင်များ၊ ဓာတ်တိုင်များအားလုံးတွင် CCTV ကင်မရာများ တပ်ဆင်သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရ၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးတင်အောင်ထွန်း၏ ပြောကြားချက်ကို ဝေဖန်ပြောဆိုမှုများ မြင့်တက်လျက်ရှိသည်။

ရန်ကုန်မြို့လယ်ဧရိယာ အတွင်းရှိ လမ်းမီးတိုင်များ အားလုံးပင်လျှင် မီးလင်းစေရန် မဆောင်ရွက်နိုင်သေးဘဲ မီးတိုင်နှင့် ဓာတ်တိုင် အားလုံးတွင် စောင့်ကြည့် ကင်မရာများ တပ်ဆင်မည်ဆိုခြင်းကို အွန်လိုင်း လူမှုရေးကွန်ရက်ပေါ်တွင် သရော် လှောင်ပြောင်သော မှတ်ချက်များ ပေးနေကြခြင်း ဖြစ်သည်။

ရန်ကုန်မြို့တော် အပါအဝင် မြန်မာနိုင်ငံတွင် ဖြစ်ပွားသော သာမန် အမှုအခင်းများကိုကြည့်လျှင် အမှောင်ထုကို အကာအကွယ်ယူကာ ကျူးလွန်သော ပြစ်မှုက ရာနှုန်းအားဖြင့် အများစု ဖြစ်နေသည့်အတွက် စောင့်ကြည့် ကင်မရာများ မတပ်မီ လမ်းမီးတိုင် အားလုံး မီးလင်းစေရန် ဦးစွာ ဆောင်ရွက်ရမည်ဖြစ်သည်။

ပြည်သူကို တိုက်ရိုက် ကိုယ်စားပြုနေသော ဥပဒေပြု လွှတ်တော်ကဲ့သို့ နေရာမျိုးတွင် အစိုးရ တာဝန်ရှိသူ တစ်ဦး၏ ပြောဆိုချက်သည် ပြည်သူလူထုကို တရားဝင် အသိပေးသည့်သဘော ဖြစ်သည့်အတွက် ပြောဆိုချက်၊ ကတိကဝတ်များသည် အမှန်တကယ် လက်တွေ့ အကောင်အထည် ဖော်ပေးနိုင်သော ကိစ္စရပ်များဖြစ်ရန် လိုပေသည်။

လွှတ်တော်တွင် တရားဝင် ကတိကဝတ်ပြု ပြောဆိုထားပြီး လက်တွေ့ ဆောင်ရွက်မပေးနိုင်ပါက ပြည်သူလူထုက အစိုးရအပေါ် လေးစားယုံကြည်မှု လျော့ကျသွားနိုင်ပြီး နောင်လာမည့် လွှတ်တော်နှင့် အစိုးရများအပေါ်တွင်လည်း ပြည်သူလူထုက အယုံအကြည် နည်းသွားနိုင်ပေသည်။

ယခင်အစိုးရ လက်ထက်ကလည်း လမ်းမီးတိုင်များထက် အရေအတွက် များစွာ လျော့နည်းသည့် အများပြည်သူ အပန်းဖြေသော ပန်းခြံနှင့် ကစားကွင်းများအ ားလုံးတွင် စောင့်ကြည့် ကင်မရာများ တပ်ဆင်သွားမည်ဟု ပြောဆိုခဲ့သော်လည်း ယနေ့အချိန်အထိ တပ်ဆင်နိုင်ခြင်း မရှိသေးခြင်းမှာ ထင်ရှားသော သာဓက ဖြစ်သည်။

ထို့အတူ ရန်ကုန် တိုင်းဒေသကြီး အပါအဝင် အချို့သော ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရ ဝန်ကြီးချုပ်များ ပြောဆိုခဲ့သော ကျူးကျော် ပြဿနာ၊ အထပ်မြင့် အဆောက်အအုံများ ဥပဒေ၊ စည်းကမ်းနှင့် မညီသောကိစ္စ၊ တက္ကသိုလ်များ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ပေးမည်ဆိုခြင်း၊ ဧရာဝတီ မြစ်ဝကျွန်းပေါ်တွင် အထပ်မြင့် အမြန်လမ်းမကြီး တည်ဆောက်မည် ဆိုခြင်းကဲ့သို့ လတ်တလော ဖြစ်နိုင်ခြေ မရှိသော သို့မဟုတ် ပြောသည့်အတိုင်း လက်တွေ့ မလုပ်နိုင်သော သာဓကများလည်း ရှိခဲ့ပြီးဖြစ်သည်။

နိုင်ငံများစွာတို့တွင် ပြည်သူလူထု အများစုက နိုင်ငံရေး ဆိုသည်မှာ ညစ်ပတ်၍ လိမ်ညာမှုများသော နယ်ပယ်၊ လုပ်ငန်းအဖြစ် ရှုမြင်လာကြခြင်းမှာ ရွေးကောက်ပွဲ မတိုင်မီ နိုင်ငံရေး ပါတီများ၏ ပြောဆိုချက်၊ ကတိကဝတ်များနှင့် ရွေးကောက်ပွဲ အနိုင်ရရှိပြီးနောက် ပြောင်းလဲသွားသော လေသံများ၊ ကတိ ပျက်ကွက်မှုများက အဓိက အကြောင်းအရင်း ဖြစ်သည်။

ထို့အတူ လွှတ်တော်၊ အစိုးရများ၏ ကိုယ်ကျိုးစီးပွား မကင်းသော ဆောင်ရွက်ချက်များ၊ မကင်းရာ မကင်းကြောင်း လက်သင့်ရာ စားတော်ခေါ် ခြင်းများ၊ သား၊ တူ၊ ညီ ကောင်းစားရေး ကျင့်သုံးမှုများ၊ အရည်အချင်းထက် အထက်က ခိုင်းသည့်အတိုင်း ခေါင်းညိတ်သူများကိုသာ နေရာပေးခြင်းများ၊ လက်တွေ့နှင့် မနီးစပ်သော စီမံချက်၊ စီမံကိန်းများ၊ ပြည်သူလူထုကို လွှဲချ တာဝန်ယူစေခြင်းများကလည်း အာဏာနိုင်ငံရေးကို ပြည်သူလူထုက အယုံအကြည် ကင်းမဲ့လာစေသည်။

အစိုးရ သက်တမ်း ရင့်လာသည်နှင့်အမျှ အပြောနှင့် အလုပ် မညီမျှမှုများ၊ သိသာ ထင်ရှားသော ပြုပြင်ပြောင်းလဲမှု မရှိခြင်းများ တိုးပွား များပြား လာပါက မျှော်လင့်ချက်ကြီးကြီး ရှိနေကြသော ပြည်သူလူထု အများစု စိတ်ပျက် အားလျော့မှု ဖြစ်လာကာ နိုင်ငံတည်ဆောက်ရေး၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး၊ ငြိမ်းချမ်းမှု တည်ဆောက်ရေး လုပ်ငန်းများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်မှု လျော့ပါးသွားနိုင်သည့် အန္တရာယ် ရှိနေကြောင်း သတိပြုမိစေလိုရင်း ဖြစ်သည်။

အယ်ဒီတာ (၁၉-၁ဝ-၂ဝ၁၆)


  • VIA