News

POST TYPE

POPULAR POST

လောင်းလုံးဘုတ်ကျွန်းအနီး ဖမ်းမိသည့် ဘင်္ဂါလီများကို နေရပ်ပြန်ပို့မည်
29-Nov-2018
ထားဝယ်၊ နိုဝင်ဘာ ၂၈

ထားဝယ်ခရိုင် လောင်းလုံး ဘုတ်ကျွန်းအနီး ပင်လယ်ပြင်တွင် ဖမ်းမိသည့် ဘင်္ဂါလီများကို မူရင်းထွက်ခွာလာသည့်နေရာကို ပြန်ပို့မည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ ဒုတိယ ရဲမှူးကြီးစိန်ဝင်းက ပြောကြားသည်။

ကလေး၊ လူကြီး အပါအဝင် ဘင်္ဂါလီ လူမျိုးစုစုပေါင်း ၉၃ ဦးကို လောင်းလုံးဘုတ်ကျွန်း၏ အနောက်မြောက်ဘက် ၆ မိုင်ခန့်အကွာ လှေတစ်စင်းပေါ်၌ နိုဝင်ဘာလ ၂၅ ရက်နေ့က ဖမ်းမိခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဘင်္ဂါလီလူမျိုးများမှာ မလေးရှားနိုင်ငံသို့ သွားရောက်ရန် ရခိုင်ပြည်နယ် စစ်တွေမြို့နယ် သဲချောင်းကျေးရွာအုပ်စု ဒါးပိုင်ကျေးရွာဆိပ်ကမ်းမှ အောက်တိုဘာလတွင် စတင်ထွက်ခွာလာကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

၎င်းတို့ကို စတင်ထွက်ခွာလာသည့် မူရင်းနေရပ်သို့ တပ်မတော်ရေသင်္ဘောဖြင့် ပြန်လည်ပို့ဆောင်မည်ဖြစ်ပြီး လက်ရှိတွင် လောင်းလုံးမြို့နယ်၊ စမ်းလှမ်း ကမ်းခြေအနီး ပင်လယ်ပြင်ရှိ တပ်မတော်လှေပေါ်တွင်ပင် ကျွေးမွေးကာ ထိန်းသိမ်းထားကြောင်း ဒုရဲမှူးကြီးစိန်ဝင်းက ဆိုသည်။

“ပြည်ထောင်စုအစိုးရရဲ့ ဆုံးဖြတ်ချက်အရ ရခိုင်ကို ပြန်ပို့မယ်၊ ပို့မယ့်ရက်တော့ မသိသေးဘူး”ဟု ဒုရဲမှူးကြီး စိန်ဝင်းက ပြောဆိုသည်။

ဖမ်းမိခဲ့သည့် အလျား ၄၂ ပေ၊ အနံ ၁၁ ပေရှိ လှေပေါ်တွင် ဘင်္ဂါလီလူမျိုး လူကြီး ၆၁ ဦးနှင့် ကလေး ၃၂ ဦး လိုက်ပါ လာကြကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်းအရ သိရသည်။

စစ်ဆေးချက်များအရ သဲချောင်းကျေးရွာနေ ပွဲစားတစ်ဦးကို ပွဲခအဖြစ် တစ်ဦးလျှင် ၅ သိန်းကျပ် ပေးခဲ့ရသည်ဟု တိုင်းရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

အထက်ပါလှေနှင့်အတူ ဘင်္ဂါလီ ၆၀ ဦး တင်ဆောင်လာသည့် အခြားလှေတစ်စင်းတို့အတူ ထွက်ခွာလာစဉ် အခြားလှေမှာ ဒါးပိုင်ကျေးရွာအနီးတွင်ပင် ဖမ်းမိခဲ့ကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

Dawei Watch