News

POST TYPE

POPULAR POST

ကြိုတင် ကာကွယ်ခြင်းသည်သာ (Daily, Vol-4/No-164)
18-Oct-2016
ဆေးပညာလောက သို့မဟုတ် ကျန်းမာရေး လောကတွင် အများ သိရှိပြီးဖြစ်သော ဆောင်ပုဒ်တစ်ခုမှာ “ကြိုတင် ကာကွယ်ခြင်းသည် အကောင်းဆုံး ကုသခြင်းဖြစ်သည်” ဆိုသော ဆောင်ပုဒ်ဖြစ်သည်။

ရောဂါဖြစ်မှ ကုသရခြင်းထက် ရောဂါ မဖြစ်စေရန် မူလကပင် ကြိုတင် ဆင်ခြင်၊ သတိထား နေထိုင်၊ စားသောက်ခြင်း၊ ကာကွယ်ခြင်းက အကောင်းဆုံး ကုသခြင်း ဖြစ်ကြောင်းကို ဆိုလိုရင်း ဖြစ်သည်။

စင်စစ်အားဖြင့် ယင်းဆောင်ပုဒ်သည် ကျန်းမာရေး နယ်ပယ်တွင်သာမက နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး အပါအဝင် အခြားနယ်ပယ် အားလုံးတွင်လည်း အကျုံးဝင်သည်။

လူတစ်ဦး၊ မိသားစု တစ်စု၊ ကုမ္ပဏီ၊ အဖွဲ့အစည်း တစ်ခုမှသည် ပြည်သူလူထု၊ နိုင်ငံတော်နှင့် လူ့အဖွဲ့အစည်း တစ်ရပ်လုံးအတွက် ရည်ရွယ် အကောင်အထည်ဖော်လိုသော စီမံကိန်း၊ စီမံချက် မှန်သမျှလည်း ထိုဆောင်ပုဒ်အောက်တွင် ရှိသည်။

မြန်မာနိုင်ငံရှိ နယ်ပယ် အရပ်ရပ်တွင် ယနေ့ ဖြစ်ပေါ်နေသော ဘေးအန္တရာယ်များ၊ ပြဿနာများ၊ ပဋိပက္ခများ၊ အဓိကရုဏ်းများ၊ အကြမ်းဖက်မှုများ၊ စစ်ပွဲများကိုလည်း ကြုံသည့်အခါမှ ကြုံသလို ရင်ဆိုင် ဖြေရှင်းခြင်းထက် ကြိုတင် ပြင်ဆင် ကာကွယ်ထားရန် လိုပေသည်။

သို့သော် လက်တွေ့တွင်မူ ကြိုတင်ပြင်ဆင် စဉ်းစားထားခြင်း မရှိသည့်အတွက် မကြာခဏ ဆိုသကဲ့သို့ မလိုလားအပ်သော နောက်ဆက်တွဲ ဆိုးကျိုးများ မကြုံသင့်ဘဲ ကြုံနေရခြင်း၊ လူပေါင်း များစွာတို့၏ အသက်၊ အိုးအိမ်၊ စည်းစိမ်များ မဆုံးရှုံးသင့်ဘဲ ဆုံးရှုံးနေရခြင်းတို့ ရင်ဆိုင်နေရပေသည်။

ဗြိတိသျှ ကိုလိုနီ လက်ထက်ကပင် မြားမြောင်လှစွာသော ဥပဒေများ၊ အရည်အချင်း မြင့်မားသော အုပ်ချုပ်ရေး ယန္တရားတို့ဖြင့် နိုင်ငံကို တည်ငြိမ်စေရန် အုပ်ချုပ်သွားခဲ့ခြင်းမှာ ကိုလိုနီစနစ်ထံမှ အတုယူစရာ အားသာချက် တစ်ချက် ဖြစ်သည်။

ယနေ့ အချိန်ထိတိုင် ထိုဥပဒေများကို ပြင်ဆင် မွမ်းမံ အသုံးပြုနေဆဲ မြန်မာနိုင်ငံအဖို့ နိုင်ငံသားများ ကြုံတွေ့လာရမည့် ဘေးအန္တရာယ်၊ ပြဿနာ၊ အခက်အခဲများကို နိုင်ငံသားများကို အကာအကွယ် ပေးထားသော ဥပဒေများကို အခြေခံကာ စနစ်တကျ ကြိုတင်ပြင်ဆင် ထားခြင်းဖြင့် အတတ်နိုင်ဆုံး ကာကွယ်ရန်နှင့် အနိမ့်ဆုံး အဆင့် ဘေးထွက်ဆိုးကျိုး အနည်းဆုံးဖြစ်ရန် ကြိုးစားရမည်ဖြစ်သည်။

ယနေ့ဆိုလျှင် ပြည်သူလူထု တစ်ရပ်လုံးကို အကျိုး ဖြစ်ထွန်းစေမည့် ဥပဒေမျိုးဆိုလျှင် ပြည်သူ့ကိုယ်စားလှယ် အများစု ရှိနေသော ဥပဒေပြု လွှတ်တော်တွင် လျင်မြန်စွာ ရေးဆွဲ အတည်ပြုနိုင်သော အားသာချက် ရှိနေခြင်းကို အသုံးချကာ အရာရာအတွက် ကြိုတင်ပြင်ဆင် ထားကြရန် လိုပေမည်။

အထူးသဖြင့် နိုင်ငံတော် တည်ငြိမ် အေးချမ်းရေး၊ အချုပ်အခြာ အာဏာ တည်တံ့ ခိုင်မြဲရေးနှင့် အစိုးရတစ်ရပ်အပေါ် ပြည်သူလူထုက ယုံကြည် ကိုးစားမှု လျော့ကျ မသွားစေရေးတို့အတွက် ရှေ့အနာဂတ်ကို ကြိုတင် မျှော်တွေးကာ ယခုကပင် စတင်၍ အချိန်မဆိုင်း ပြင်ဆင် ကာကွယ်ထားကြရန် အထူးလိုအပ်ကြောင်း သိစေလိုရင်း ဖြစ်သည်။

အယ်ဒီတာ(၁၈-၁ဝ-၂ဝ၁၆)


  • VIA