News

POST TYPE

POPULAR POST

YBS ယာဉ်လိုင်း ၆ ခု ၂၄ နာရီ ပြေးဆွဲမည်
20-Nov-2018
ရန်ကုန်၊ နိုဝင်ဘာ ၁၉

ရန်ကုန်လေဆိပ်-ဘူတာကြီး ပြေးဆွဲနေသည့် Airport Shuttle Bus အမြန်ယာဉ်လိုင်း အပါအဝင် ယာဉ်လိုင်း ၆ ခုက ၂၄ နာရီ တိုးချဲ့ပြေးဆွဲရန် စီစဉ်နေကြောင်း Omini Focus General ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးထွန်းတောက်ဝင်းက ပြောကြားသည်။

ရန်ကုန်တွင် ခရီးသည်တင်ကားများ ၂၄ နာရီ ပြေးဆွဲခြင်းမှာ ယခု ပထမဆုံးလည်းဖြစ်သည်။

“ဒီနှစ်ထဲမှာ လေဆိပ်အမြန်ယာဉ်လိုင်း ၆ ခုကို ခရီးသည်တွေ အဆင်ပြေအောင် အချိန်ပြည့် ပြေးဆွဲပေးဖို့ YRTA နဲ့ ညှိနှိုင်းပြီးပါပြီ။ ဒီနှစ်ထဲမှာ စတင်ပြေးဆွဲနိုင်ဖို့ ဆောင်ရွက်နေတယ်”ဟု ၎င်းကဆိုသည်။

ထို့အပြင် ရန်ကုန်လေဆိပ်မှ ရန်ကုန်ဘူတာကြီးကို ပြေးဆွဲသည့် Airport Shuttle အပါအဝင် YBS 20၊ YBS 56၊ YBS 83၊ YBS 98၊ YBS 99 ယာဉ်လိုင်းတို့ကို ၂၄ နာရီ ပြေးဆွဲပေးမည်ဖြစ်ပြီး ယခုနှစ်အတွင်း စတင်နိုင်ရန် စီစဉ်နေခြင်းဖြစ်သည်။

“လေဆိပ်မှာ အချိန်ပြည့်ယာဉ်လိုင်း ရှိနေမယ်ဆိုတော့ ခရီးသည်တွေ အခက်အခဲ မဖြစ်တော့ဘူးပေါ့။ တစ်ဖက်ကလည်း အငှားယာဉ်မောင်းတွေ ရေရှည်မှာ ထိခိုက်မှု ရှိလာနိုင်တယ်”ဟု မရမ်းကုန်းမြို့နယ်နေ ဦးဧရာလင်းထိုက်ကဆိုသည်။

Omini Focus ကုမ္ပဏီအောက်တွင် လေဆိပ် အမြန်ယာဉ်လိုင်း အပါအဝင် YBS 20၊ YBS 56၊ YBS 83၊ YBS 98၊ YBS 99 ယာဉ်လိုင်း ၆ လိုင်း၌ ယာဉ်စီးရေ ၃၀၀ ခန့်ရှိကြောင်း အဆိုပါကုမ္ပဏီထံမှ သိရသည်။ 

YBS 20 ယာဉ်လိုင်းမှာ ဒဂုံဧရာ အဝေးပြေး(လှိုင်သာယာ)-သခင်မြပန်းခြံ ခရီးစဉ်၊ YBS 56 မှာ သခင်မြပန်းခြံ-သခင်မြပန်းခြံ (မြို့တွင်းပတ်) ခရီးစဉ်၊ YBS 83 မှာ ဒဂုံဧရာအဝေးပြေး (လှိုင် သာယာ)- အင်းဝအိမ်ရာ (တောင်ဒဂုံ) ခရီးစဉ်၊ YBS 98 မှာ လှိုင်သာယာ (ဒဂုံဧရာအဝေးပြေး)-ဗိုလ်တထောင် (သန်လျက်စွန်း) ခရီးစဉ်နှင့် YBS 99 မှာ လှိုင်သာယာ-တောင်ဒဂုံ ခရီးစဉ်တို့ကို ပြေးဆွဲလျက်ရှိသည်။

J-17