News

POST TYPE

POPULAR POST

ဆိပ်ကမ်းမြို့နယ် မဲအနိုင်ရ ပြည်ခိုင်ဖြိုးပါတီမှ ကိုယ်စားလှယ်လောင်းအပါအဝင် သုံးဦးကို ရွေးကောက်ပွဲဆိုင်ရာ ဥပဒေဖြင့် အမှုဖွင့်
18-Nov-2018



ရန်ကုန်၊ နိုဝင်ဘာ ၁၈

ဆိပ်ကမ်းမြို့နယ်ရှိ လစ်လပ်နေသော တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၂) နေရာအတွက် မဲအနိုင်ရရှိခဲ့သူ ပြည်ခိုင်ဖြိုးပါတီမှ ကိုယ်စားလှယ်လောင်း ဦးနေမျိုးအောင် အပါအဝင်သုံးဦးကို နိုဝင်ဘာလ ၁၇ ရက် ညပိုင်းက ဆိပ်ကမ်းမြို့မ ရဲစခန်းတွင် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေပုဒ်မ ၅၈ (က) ဖြင့် အမှုဖွင့် အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

အမှုဖွင့်ခံရသူ သုံးဦးမှာ မဲအနိုင်ရ ပြည်ခိုင်ဖြိုးပါတီမှ ကိုယ်စားလှယ်လောင်း ဦးနေမျိုးအောင်၊ ရွေးကောက်ပွဲ ကိုယ်စားလှယ် ဒေါ်တိုးတိုးလွင်နှင့် May Htut ကုမ္ပဏီလီမိတက်မှ မန်နေးဂျင်း ဒါရိုက်တာ ဦးလင်းအောင်အောင်တို့ဖြစ်ပြီး ၎င်းတို့မှာ ကြားဖြတ်ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလတွင် မဲဆန္ဒရှင်များကို အသေးစားချေးငွေလုပ်ငန်းဖြင့် ရွေးကောက်မှုဆိုင်ရာအခွင့်အရေးကို မတရားသဖြင့် ဆောင်ရွက်ခဲ့ကြောင်း အမှုဖွင့် တိုင်ကြားချက်အရ သိရသည်။

ယင်းအမှုကို တရားလိုပြုတိုင်ကြားသူမှာ ကြည့်မြင်တိုင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်များ ရုံးအဖွဲ့မှူး ဦးရဲမင်းသိမ်းဖြစ်ပြီး အမှုစစ်မှာ ဆိပ်ကမ်းမြို့မ ရဲစခန်းမှူး ဒုရဲမှူး ခင်မောင်ထွန်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။

ဆိပ်ကမ်းမြို့နယ်တွင် ရဲဝန်ထမ်းမိသားစုနှင့် ဆိပ်ကမ်းလုပ်ငန်း ဝန်ထမ်းမိသားစုအများစု နေထိုင်ကြပြီး ကြားဖြတ်ရွေးကောက်ပွဲ၌ မဲပေးခွင့်ရှိသူဦးရေမှာ တစ်ထောင်ကျော်သာရှိခဲ့ပြီး ပြည်ခိုင်ဖြိုးပါတီမှ ကိုယ်စားလှယ်လောင်း ဦးနေမျိုးအောင်က မဲအရေအတွက် ၅၁၅ ဖြင့် အဓိကပြိုင်ဘက် NLD ကိုယ်စားလှယ်လောင်းကို မဲအနိုင်ရရှိခဲ့သည်။

S-03