News

POST TYPE

POPULAR POST

ပြည်ပမှ သစ်အလုံးလိုက် တင်သွင်းခွင့်ပြုရန် အစိုးရစီစဉ်
15-Nov-2018

ရန်ကုန်၊ နိုဝင်ဘာ ၁၄

ပြည်ပမှ သစ်အလုံးလိုက်တင်သွင်း၍ သစ်အချောထည်ထုတ်လုပ်မှုကို ခွင့်ပြုရန် အစိုးရကစီစဉ်လျက်ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။

ပြည်တွင်းတွင် နှစ်စဉ် သစ်ထုတ်လုပ်မှုကို လျှော့ချလာသည့်အပြင် နိုင်ငံတကာ ဈေးကွက်ကလည်း သစ်အရော အနှော လက်မှုအထည်များကို စိတ်ဝင်စားလာခြင်းကြောင့် အစိုးရအနေနှင့် သစ်တင်သွင်းခြင်းနှင့်ပတ်သက်၍ ဖြေလျှော့ပေးရန် စဉ်းစားနေခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

“အစိုးရကလည်း သစ်အလုံးလိုက် တင်ပို့မှုကိုပဲ ကန့်သတ်တာ။ သစ်အချောထည် သစ်ခွဲသားဈေးကွက်က ရှိနေတယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေကလည်း မြန်မာနိုင်ငံမှာမရှိတဲ့ သစ်အမျိုးအစားတွေကို ပြည်ပကနေတင်သွင်းပြီး အချောထည် လုပ်ချင်တာတွေရှိတဲ့အတွက် ခွင့်ပြု ရင် ကောင်းမလား စဉ်းစားနေတုန်းပါ”ဟု ၎င်းကရှင်းပြသည်။

သစ်လုပ်ငန်းရှင်များက တန်ဖိုးနည်းသစ်များကို ပြည်ပမှတင်သွင်းရန် တောင်းဆိုခဲ့သည်မှာ နှစ်အတော်ကြာခဲ့ပြီဖြစ်ကြောင်း၊ ပြီးခဲ့သည့်နှစ်များအတွင်း သစ်ကုန်ကြမ်းရှားပါးမှုကြောင့် သစ်စက်များပိတ်ခဲ့ရပြီး သစ်စက်ဈေးမှာလည်း သံဈေးသာသာ ရရှိသည့်အတွက် သစ်အစားထိုးကုန်များထုတ်လုပ်ရန် အစိုးရထံတင်ပြခဲ့ကြောင်း မြန်မာနိုင်ငံ သစ်လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးစိုးဝင်းက ပြောကြားသည်။ 

“အစိုးရက ခွင့်ပြုမယ်ဆိုရင် လုပ်ငန်းရှင်တွေအနေနဲ့ ဝမ်းသာကြိုဆိုပါတယ်။ ဒီလိုမျိုးလုပ်ခြင်းအားဖြင့် ပြည်တွင်းသစ်တောပြုန်းတီးမှုကို ကာကွယ်နိုင်ပြီး နိုင်ငံခြားငွေတွေကို ဒီကဏ္ဍကနေ ပြန်ရှာပေးနိုင်မှာဖြစ်လို့ သင့်တင့်တဲ့အခွန်နှုန်းထားနဲ့ တင်သွင်းခွင့်ပေးသင့်ပါတယ်”ဟု ၎င်းကဆိုသည်။

တရုတ်၊ စင်ကာပူ၊ ဗီယက်နမ် အစရှိသည့်နိုင်ငံတို့မှ သစ်လုပ်ငန်းများတွင်လည်း ပြည်ပမှတင်သွင်းကာ သစ်အချောထည်ပြုလုပ်ပြီး ပြည်ပနိုင်ငံများသို့ ပြန်လည်ရောင်းချမှုများ ပြုလုပ်လျက်ရှိကြောင်း ၎င်းကပြောဆိုသည်။

လက်ရှိသစ်ဈေးကွက်တွင် သစ်ကုန်ကြမ်းရှားပါးသဖြင့် သစ်အချောထည် တင်ပို့နိုင်မှုမှာ ပမာဏနည်းနေပြီး သစ်ခွဲသားများကိုသာ အဓိက တင်ပို့နေရကြောင်း၊ သစ်ကုန်ကြမ်းများကို တရုတ်၊ စင်ကာပူနှင့် ဂျပန်နိုင်ငံတို့မှ ဝယ်ယူလျက်ရှိကြောင်း သစ်လုပ်ငန်းရှင်များထံမှ သိရသည်။

J-13