News

POST TYPE

POPULAR POST

မုန်တိုင်း အကြွင်းအကျန်နှင့် လေပွေလှိုင်း တိမ်တိုက် အရှိန်ကြောင့် ဒေသအချို့ မိုးဆက်ပိုမည်
17-Oct-2016

ရန်ကုန်၊ အောက်တိုဘာ ၁၇ 

တောင်တရုတ် ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသည့် မုန်တိုင်း အကြွင်းအကျန် တိမ်တိုက်များနှင့် လေပွေလှိုင်းများ အရှိန်ကြောင့် မြန်မာနိုင်ငံ တောင်ပိုင်းဒေသများနှင့် ဒေသအချို့တွင် မိုးအား ဆက်လက် ပိုနိုင်ကြောင်း မိုးလေဝသ ပညာရှင်များက ပြောကြားသည်။ 

မုတ်သုံလေသည် ဆုတ်ခွာ သွားပြီး ဖြစ်သော်လည်း အရှေ့ဘက် တောင်တရုတ် ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသည့် မုန်တိုင်းများ၏ အကြွင်းအကျန် တိမ်တိုက်များနှင့် လေထု မငြိမ်မသက်မှု ဖြစ်စဉ်မှာ လေဖိအားနည်း မြှောင်တန်း (Trough) အဖြစ် မြန်မာနိုင်ငံ တောင်ပိုင်း ဒေသများတွင် ဆက်လက်တည်ရှိနေခြင်းကြောင့် ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မိုးအားပိုလာမည် ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူး(ငြိမ်း) ဦးချစ်ကျော်က ပြောကြားသည်။ 

အောက်တိုဘာလ ၁၉ ရက်နေ့မှ ၂ဝ ရက်နေ့အထိ လေပွေလှိုင်း တိမ်တိုက် တစ်ခု ဖြတ်သန်းမည့် အရှိန်ကြောင့် ယင်း ဒေသများအပြင် ရှမ်းပြည်နယ်နှင့် မကွေး တိုင်းဒေသကြီးတို့တွင် မိုးဆက်လက် ရွာနိုင်ရာ ပဲစိုက်ပျိုးသူများနှင့် စပါးရိတ်သိမ်းသူများ အထူး အလေး ထားရမည့် အခြေအနေရှိကြောင်း ၎င်းကသုံးသပ် ပြောဆိုသည်။ 

ဖိလစ်ပိုင်ပင်လယ်ပြင်တွင် ဖြစ်ပေါ် နေသည့် တိုင်ဖွန်းမုန်တိုင်းစရီကာ (Sarika) သည် တောင်တရုတ် ပင်လယ်ပြင် အတွင်းသို့ ရောက်ရှိခဲ့ပြီး အနောက်ဘက်သို့ ဆက်လက် ရွေ့လျားနေကြောင်း၊ ယင်းမုန်တိုင်း အကြွင်းအကျန် တိမ်တိုက်များအရှိန် ကြောင့် နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေး တိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် မိုး ပို လာနိုင်ပြီး ကျန်ဒေသများတွင် မိုးထစ် ချုန်းရွာမည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ကြေညာချက် ထုတ်ပြန်သည်။


  • VIA