News

POST TYPE

POPULAR POST

မြန်မာဘက်သို့ ပြန်ပို့မည်စိုးသဖြင့် ဘင်္ဂလားဒေ့ရှ်စခန်းများမှ ဒုက္ခသည်များ ထွက်ပြေး
14-Nov-2018



ဒါကာ၊ နိုဝင်ဘာ ၁၃

မြန်မာဘက်သို့ ပြန်ပို့မည့် အစီအစဉ်တွင် ပါဝင်မည်စိုးရိမ်သဖြင့် ရိုဟင်ဂျာဒုက္ခသည်များ (ပြည်တွင်းအခေါ် ဘင်္ဂါလီ) သည် ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည်ခိုလှုံရာစခန်းများမှ ထွက်ပြေးမှုများရှိနေကြောင်း AFP သတင်းတစ်ရပ်က ဖော်ပြထားသည်။ 

မြန်မာဘက်ခြမ်းတွင် တပ်မတော်၏ အာဆာအကြမ်းဖက်သမားများ တန်ပြန်စစ်ဆင်ရေးကို တိမ်းရှောင်လာသောလူအုပ်ကြီးကို ကုလသမဂ္ဂက လူမျိုးတုံးလူသတ်ပွဲမှ ထွက်ပြေးလာသူများဟု သတ်မှတ်ကြပြီး ယခုအခါ မြန်မာဘက်တွင် ပြန်လည်နေရာချထားမှု အစီအစဉ်များ ပြုလုပ်နေပြီဖြစ်သည်။ 

ယင်းသို့ စီစဉ်နေမှုကြောင့် ဒုက္ခသည် စခန်းများတွင် ကြောက်ရွံ့ထိတ်လန့်မှုများ ဖြစ်နေပြီး နေရပ်ပြန်ရမည့် အချို့သောဒုက္ခ သည်များ ထွက်ပြေးမှုများရှိနေကြောင်း ရပ်ရွာခေါင်းဆောင်များက ဆိုသည်။ 

“အာဏာပိုင်တွေက နေရပ်ပြန်ရမယ့် ဒုက္ခသည်တွေ စာရင်းထဲပါသူတွေကို ပြန်ကြဖို့ စည်းရုံးပေမယ့် ကြောက်ပြီး တခြားစခန်းတွေကို ထွက်ပြေးသွားကြတယ်” ဟု ဂျန်တိုလီဒုက္ခသည်စခန်းနေ နောအစ္စလာမ်က ပြောကြားသည်။ 

ပြီးခဲ့သည့်နှစ် ဩဂုတ်လပိုင်းက စတင်ခဲ့သော စစ်တပ်၏ တန်ပြန်ရှင်းလင်းရေးအတွင်း ရခိုင်ပြည်နယ်အနောက်ဘက်ပိုင်းမှ ရိုဟင်ဂျာမွတ်ဆလင် ခုနစ်သိန်းနှစ် သောင်းကျော် ဘင်္ဂလားဒေ့ရှ်ဘက်သို့ တိမ်းရှောင်လာခဲ့သည်ဟု အကူအညီပေးရေးအေဂျင်စီများက ဖော်ပြထားသည်။

အဆိုပါ ဒုက္ခသည်များက လူသတ်မှုများ၊ မုဒိမ်းမှုများ၊ နှိပ်စက်ညှဉ်းပန်းမှုများစသည့် ဇာတ်လမ်းများကိုယူဆောင်လာခဲ့ကြသည်။ 

မိမိသဘောဆန္ဒအလျောက် အိမ်ပြန်ရေးအစီအစဉ်တွင် ပါဝင်နိုင်ရန်အတွက် ကော့ဘဇားခရိုင်နယ်စပ်မှ နေရပ်ပြန်ကြရန် ရိုဟင်ဂျာမွတ်ဆလင် ၂၂၆၀ ကို ပြင်ဆင်ပေးထားသည်။ 

သို့သော် အဆိုပါအစီအစဉ်ကြောင့် ကြောက်ရွံ့ထိတ်လန့်မှုများဖြစ်နေပြီး နိုင်ငံသားဖြစ်ခွင့်နှင့် အခြားအခွင့်အရေးများ မရရှိနိုင်ပါက ရခိုင်ဘက်သို့ မပြန်ချင်ကြခြင်းများရှိနေကြောင်း နောအစ္စလာမ်က ပြောကြားသည်။ 

ယခုသီတင်းပတ်အတွင်း မြန်မာဘက်သို့ ပြန်ခွင့်ရမည့် ဒုက္ခသည် မိသားစုသုံးစုနှင့် AFP သတင်းထောက်က တွေ့ဆုံမေးမြန်းခွင့်ရရှိခဲ့သည်။ 

“ဒီကိစ္စကြောင့် ကျွန်တော်တို့ စိုးရိမ်နေကြပါတယ်။ အဲဒီရက်နီးလာလေလေ စိုးရိမ်မှုကမြင့်လာလေလေပါပဲ” ဟု ရိုဟင်ဂျာ ဒုက္ခသည်တစ်ဦးဖြစ်သူ မိုဟာမက်ခါလစ်က AFP ကိုပြောကြားခဲ့သည်။ F-02

(ပုံစာ- အမည်စာရင်းတွင် ပါဝင်သူများ နီးစပ်ရာစခန်းများဘက်သို့ ထွက်ပြေးမှုများရှိနေသည်)