News

POST TYPE

POPULAR POST

IS အခြေစိုက်ရာ မိုဆူးလ်ကို အီရတ်တပ်ဖွဲ့များ ထိုးစစ်ဆင်ချိန်တွင် အရှေ့ တောင်အာရှနိုင်ငံများ လုံခြုံရေး အထူး ဂရုပြုရန် မလေးရှား ကာကွယ်ရေး ဝန်ကြီး ပြော
17-Oct-2016


ကွာလာလမ်ပူ၊ အောက်တိုဘာ ၁၇ 

အစွန်းရောက် အကြမ်းဖက်အဖွဲ့ ISIS အဓိက အခြေစိုက်ရာ မိုဆူးလ်မြို့ကို အီရတ်တပ်ဖွဲ့များက မကြာမီ ထိုးစစ်ဆင်တော့မည်ဖြစ်ရာ အရှေ့တောင်အာရှ နိုင်ငံများ အနေနှင့်လည်း ဒေသတွင်း လုံခြုံရေးကို အထူး ဂရုပြုရမည်ဖြစ်ကြောင်း မလေးရှား ကာကွယ်ရေးဝန်ကြီး ဟီရှာမူဒင်ဟက်စိန်က ပြောကြားလိုက်သည်ဟု CNA သတင်းဌာနတွင် ဖော်ပြထားသည်။ 

အီရတ်တပ်ဖွဲ့များက မိုဆူးလ်မြို့ကို ဝင်ရောက် တိုက်ခိုက် ချေမှုန်းသည့် အချိန်တွင် IS တပ်ဖွဲ့ဝင်များသည် အီရတ်နှင့် အိမ်နီးချင်းဖြစ်သည့် ဆီးရီးယား နိုင်ငံသို့အပြင် အခြား ပြည်ပနိုင်ငံများသို့ပါ ထွက်ပြေး တိမ်းရှောင်မှုများ ရှိလာနိုင်ကြောင်း မစ္စတာ မူဒင်ဟက်စိန်က ပြောကြားလိုက်ခြင်း ဖြစ်သည်။ 

စစ်ဆင်ရေးမှာ ယနေ့မှ စတင်ခြင်းဖြစ်သဖြင့် မိုဆူးလ်မှ တိမ်းရှောင်လာသည့် IS များ မရှိသေးသော်လည်း မကြာမီ အရေအတွက် မနည်းမနော ရှိလာနိုင်သည်ဟု နိုင်ငံတကာ ထောက်လှမ်းရေး တပ်ဖွဲ့များက သတိပေးထားသည်ဟုလည်း မစ္စတာ မူဒင်ဟက်စိန်က ပြောကြားသည်။ 

ထိုကဲ့သို့ တိမ်းရှောင်လာမည့် IS တပ်သားများသည် ၎င်းတို့၏ မိခင်နိုင်ငံသို့ ပြန်လည် ထွက်ပြေးခြင်းမျိုး ရှိနိုင်သလို အခြား နိုင်ငံများသို့ ထွက်ပြေးလာခြင်းများလည်း ရှိနိုင်ရာ အရှေ့တောင်အာရှ နိုင်ငံများအနေနှင့်လည်း လုံခြုံရေးကို အထူး အလေးပေး ဂရုပြုရန် လိုအပ်နေခြင်း ဖြစ်သည်။ 

အရှေ့တောင် အာရှသို့ တိမ်းရှောင် လာနိုင်သည့် IS တပ်သား အရေအတွက်ကို အတိအကျ မသိရှိနိုင်သော်လည်း များပြားသည်မှာ သေချာသဖြင့် အန္တရာယ် ရှိနိုင်ချေမှာလည်း မြင့်မားလျက်ရှိရာ အရှေ့တောင်အာရှ နိုင်ငံ အားလုံး ဒေသတွင်း လုံခြုံရေးအတွက် အထူး သတိ ရှိကြရမည်ဖြစ်သည်ဟု မစ္စတာ မူဒင်ဟက်စိန်က သတိပေးထားသည်။


  • VIA