News

POST TYPE

POPULAR POST

မန်ယူအသင်းတွင် ဆန်းချက်ဇ်နှင့်စကားပြောသော အသင်းဖော်သုံးဦးသာရှိ၊ ပီရီဆစ်နှင့် အလဲအထပ်လုပ်နိုင်ရန် မော်ရင်ညို ကြံရွယ်
12-Nov-2018


မန်ချက်စတာ၊ နိုဝင်ဘာ ၁၂

မန်ယူတိုက်စစ်တောင်ပံကစားသမား ဆန်းချက်ဇ်သည် အသင်းထံတွင် အထီးကျန်ဆန်ခြင်းနှင့် အပစ်ပယ်ခံရခြင်းဟူသော ခံစားချက်များကို ခံစားနေရပြီဖြစ်ပြီး လက်ရှိတွင် မန်ယူထံ၌ ဆန်းချက်ဇ်နှင့် ဖက်လှဲတကင်း စကားပြောဆိုသော အသင်းဖော်ဟူ၍ သုံးဦးမျှသာရှိတော့သည်ဟု The Mirror က ဖော်ပြထားသည်။

ဒီဂီယာ၊ လုကာကုနှင့် မာတာတို့သည် ဆန်းချက်ဇ်နှင့် ရင်းနှီးသောဆက်ဆံရေးရှိသူများဖြစ်ကြပြီး ကျန်ကစားသမားများနှင့် ဆန်းချက်ဇ်အကြားရှိ ဆက်ဆံရေးကမူ မေးထူးခေါ်ပြောအဆင့်ထက် ပိုခြင်းမရှိတော့ကြောင်း မန်ယူအသင်းဝန်ထမ်းအချို့က အတည်ပြုပြောကြားထားကြသည်။

ဆန်းချက်ဇ်သည် နည်းပြမော်ရင်ညိုလက်အောက်တွင် ပုံမှန်ပွဲထွက်ကစားခွင့်ရနိုင်ရန် ရုန်းကန်နေရခြင်းကြောင့် လာမည့်ဇန်နဝါရီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်ဖွင့်လှစ်ချိန်တွင် အသင်းပြောင်းရွှေ့ခွင့်ရနိုင်ရန် ၎င်း၏အေးဂျင့်များနှင့်တိုင်ပင်နေပြီး ဆန်းချက်ဇ် ပြောင်းရွှေ့ခွင့်ရနိုင်ရန် စိတ်ကူးရှိနေသည့်အသင်းမှာ ပြင်သစ်လီဂူးကလပ် ပီအက်စ်ဂျီဖြစ်သည်။

မန်ယူအသင်းဒါရိုက်တာဘုတ်အဖွဲ့သည် တစ်ပတ်လုပ်ခလစာ အကျိုးခံစားခွင့် ပေါင် ၅၀၅,၀၀၀ ပေးချေထားရသော ဆန်းချက်ဇ်မှာ အသင်းအတွက် ၀န်ထုပ်ဝန်ပိုးတစ်ရပ်သဖွယ်ဖြစ်လာခြင်းကြောင့် ထိုက်သင့်သော ပြောင်းရွှေ့ကြေးပမာဏတစ်ရပ်ကို ရရှိနိုင်မည်ဆိုပါက ၎င်းကို လက်လွှတ်လိုက်ဖွယ်ရှိနေပြီဖြစ်ပြီး နည်းပြမော်ရင်ညိုကမူ ဆန်းချက်ဇ်ကို ငွေကြေးဖြင့် ရောင်းချမည့်အစား အင်တာမီလန်တိုက်စစ်တောင်ပံကစားသမား ပီရီဆစ်နှင့် အလဲအထပ် ပြုလိုလျက်ရှိသည်။

မော်ရင်ညိုသည် ၎င်းမှာ ပီရီဆစ်ကိုခေါ်ယူရန် ကြိုးပမ်းရာတွင် အဆင်မပြေမှုများ ကြုံဆုံခဲ့ရ၍သာ ဆန်းချက်ဇ်ကို အရေးပေါ်ခေါ်ယူ၍ အစားထိုးဖြေရှင်းခဲ့ရခြင်းဖြစ်သည်ဟု ဖွင့်ဟ၀န်ခံထားပြီဖြစ်ပြီး ပီရီဆစ်ကို ရရှိနိုင်မည်ဆိုပါက ဘယ်ခြမ်းတိုက်စစ်အကျပ်အတည်းကို ဖြေရှင်းရန်အတွက် ယခုအချိန်တိုင် ခေါ်ယူလိုနေဆဲဖြစ်ကြောင်းလည်း မော်ရင်ညိုက အသိပေးထားသေးသည်။