News

POST TYPE

POPULAR POST

ထားဝယ် နှစ်ကျိပ်ရှစ်ဆူ ဘုရားပွဲတွင် အဂါရဝဖြစ်စေသည့် အဆို၊ အတီး၊ ကခုန်မှုများမပြုရန် မေတ္တာရပ်ခံ
12-Nov-2018

ထားဝယ်၊ နိုဝင်ဘာ ၁၁

ထားဝယ်မြို့တွင် နှစ်စဉ်ကျင်းပလေ့ရှိသည့် တန်ဆောင်တိုင် နှစ်ကျိပ် ရှစ်ဆူဘုရားပွဲတွင် အဂါရဝဖြစ်စေသည့် အဆို၊ အတီး၊ ကခုန်မှုများ မပြုကြရန် ၁၀၉ ကြိမ်မြောက် တန်ဆောင်တိုင်ပွဲတော် ကျင်းပရေးကော်မတီဥက္ကဋ္ဌက မေတ္တာရပ်ခံလိုက်သည်။

ရပ်ကွက်များတွင် ပင့်ဆောင်အပူဇော်ခံပြီး ပွဲတော်ကျင်းပမည့် ဘုရားကြီးဝင်းအတွင်းသို့ ပြန်လည်ပင့်ဆောင်ချိန်တွင် ခေတ်လွန် ပေါက်ကွဲသံစဉ်များ၊ အဂါရဝဖြစ်စေမည့် အဆို အက အတီးများ မလုပ်ဆောင်ကြရန် သက်ဆိုင်ရာ ရပ်ကျေးဂေါပကအဖွဲ့များကို မေတ္တာရပ်ခံထားကြောင်း အထက်ပါကော်မတီဥက္ကဋ္ဌ ဦးထွန်းကြည်ကဆိုသည်။

“မြန်မာ့ရိုးရာ ယဉ်ကျေးမှုနဲ့ လိုက်ဖက်တာပဲ ပါဝင်စေချင်တယ်လို့ မေတ္တာရပ်ခံထားတယ်”ဟု ဦးထွန်းကြည်ကပြောသည်။

ရပ်ကွက်ကျေးရွာများကို ပင့်ဆောင် အပူဇော်ခံထားသည့် နှစ်ကျိပ်ရှစ်ဆူ ဘုရားများကို တန်ဆောင်မုန်းလဆန်း ၁၀ ရက်ညတွင် ဘုရားကြီးဝင်းအတွင်းသို့ ပြန်လည် ပို့ဆောင်ရမည်ဖြစ်သည်။

ယမန်နှစ်က ဘုရားကြီးဝင်းအတွင်းသို့ ပြန်လည်ပင့်ဆောင်ချိန်တွင် ရပ်ကွက်/ကျေးရွာအချို့က DJ သီချင်းများ၊ နိုင်ငံခြားသီချင်းများဖွင့်ကာ ကခုန် ပို့ဆောင်ကြသည့်အတွက် ထားဝယ်ဒေသခံများအကြား ဝေဖန်ပြောဆိုမှုများ ရှိခဲ့သည်။

ဘုရားပူဇော်သည့်ပွဲတွင် သရုပ်ပျက် အဆို၊ အတီး၊ ကခုန်မှုများနှင့် လိုက်ဖက်မှုမရှိသည့်အတွက် တားမြစ်သင့်ကြောင်း ထားဝယ်မြို့ခံတစ်ဦးဖြစ်သည့် မဆုသက်ကျော်က ဆိုသည်။

“ဒီလိုမျိုး မလုပ်ကြဖို့ ဂေါပကအဖွဲ့က မေတ္တာရပ်ခံတာကို ကြိုဆိုရမှာပါ”ဟု မဆုသက်ကျော်က ပြောသည်။

နှစ်ကျိပ်ရှစ်ဆူဘုရားများ ထားဝယ်မြို့အတွင်း တန်ဆောင်မုန်းလဆန်း ၁၄ ရက်ညမှစတင်ကာ လပြည့်နေ့ မနက် စောစောအထိ ညလုံးပေါက် လှည့်လည် အပူဇော်ခံလေ့ရှိသည်။

အဆိုပါဘုရားပွဲကို မြန်မာပြည်အနှံ့မှ ဘုရားဖူးဧည့်သည် အများအပြား လာရောက်လေ့ရှိပြီး အထူးစည်ကားသည့် ပွဲတော်တစ်ခုဖြစ်သည်။

Dawei Watch