News

POST TYPE

POPULAR POST

လူနှစ်ဦးသေဆုံးစေခဲ့သည့် မန္တလေးပြိုင်ကားတိုက်မှု ကားပိုင်ရှင်မိသားစုက ပြန်ရှင်း
12-Nov-2018



မန္တလေး၊ နိုဝင်ဘာ ၁၁

မန္တလေးမြို့ ကျုံးတောင်ဘက်ခြမ်း ၇၈ လမ်းထောင့်၌ ဖြစ်ခဲ့သော လူနှစ်ဦး သေဆုံးစေခဲ့သည့် ကားတိုက်မှုနှင့် ပတ်သက်၍ ယာဉ်ပိုင်ရှင်မိသားစုက နိုဝင်ဘာလ ၁၁ ရက်နေ့တွင် သတင်းစာရှင်းလင်းပွဲလုပ်ကာ ပြန်ရှင်းခဲ့ကြသည်။

“အဲဒီနေ့ မနက်ကတည်းက ကျွန်တော့်သူငယ်ချင်းတစ်ယောက်က ရိုက်ကူးရေးအတွက် သုံးချင်လို့ပါဆိုပြီး ကျွန်တော့် ကားကိုငှားသွားခဲ့တာ။ ည ၁၂ နာရီခွဲ လောက်မှ ကျွန်တော့်ကားနဲ့ ယာဉ်တိုက်မှုဖြစ်တယ်ဆိုတာ သိရတယ်။ သိသိချင်း ကျွန်တော်သွားကြည့်တော့ တိုက်တဲ့နေရာမှာမရှိတော့ဘူး။ ယာဉ်ထိန်းရဲက သယ်သွားပြီ။ အဲ့ဒီကိစ္စမှာ လိုင်းပေါ် (လူမှုကွန်ရက်) မှာ ပြောဆိုနေကြသလို ကျွန်တော်မောင်းပြီး ယာဉ်တိုက်မှုဖြစ်ပြီးတော့မှ လူအစားထိုးအဖမ်းခံခိုင်းတယ်ဆိုတာမျိုး မရှိပါဘူး။ ကျွန်တော် အဲ့ဒီနေ့က အိမ်မှာပဲရှိတယ်၊ ဖြစ်တဲ့အချိန်မှာလည်း အိမ်မှာပဲ ရှိနေခဲ့တယ်ဆိုတာ ကျွန်တော့်အိမ်မှာတပ်ထားတဲ့ စီစီတီဗီမှတ်တမ်းတွေနဲ့ သက်သေခံနိုင်ပါတယ်” ဟု ယာဉ်ပိုင်ရှင်ဖြစ်သူ ဦးနိုင်ဖြိုးအောင်က ပြောကြားသည်။

အဆိုပါယာဉ်တိုက်မှုနှင့် ပတ်သက်၍ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်စာမျက်နှာတွင် ယာဉ်ပိုင်ရှင်က ကိုယ်တိုင်မောင်းနှင်ပြီး တရားခံအစားထိုးခဲ့ကာ နစ်နာသူများကိုပိုက်ဆံပေး၍ ကျေအေးပေးရန် လုပ်ဆောင်ခဲ့ကြောင်း၊ ကားပိုင်ရှင်ကို သေဒဏ်ပေးသင့်ကြောင်း၊ သတ်ပစ်သင့်ကြောင်း ရေးသားပြောဆိုမှုများကြောင့် ပတ်ဝန်းကျင်တွင်လူမှုရေးအရ နစ်နာမှုများရှိသကဲ့သို့ အသက်အန္တရာယ်အတွက်လည်း ကြောက်လန့်နေရကြောင်း ၎င်းကပြောဆိုသည်။

အောင်မြေသာစံမြို့နယ် ၂၆ လမ်း၊ ၇၈ လမ်းထောင့်မီးပွိုင့်တွင် နိုဝင်ဘာလ ၈ ရက်နေ့ ည ၁၂ နာရီ အချိန်ခန့်က မီးနီရပ်စောင့်နေသည့် အမျိုးသားနှစ်ယောက်ပါ ဆိုင်ကယ်တစ်စီးကို အရှိန်ပြင်းစွာ မောင်းနှင်လာသည့် ပြိုင်ကားတစ်စီးကနောက်မှ ဝင်တိုက်ခဲ့ရာ ယင်းနေရာတွင် တစ်ဦးသေဆုံးခဲ့ပြီး တစ်ဦးမှာ ဆေးရုံတွင်သေ ဆုံးသွားခဲ့ရသည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် အသက် ၂၃ နှစ်အရွယ်ရှိ လွင်မင်းသန့်နှင့် အသက် ၂၆ နှစ်အရွယ်ရှိ ကျော်ဇင်သက်ဆိုသူတို့ သေဆုံးခဲ့ရခြင်းဖြစ်သည်။

ယာဉ်ပိုင်ရှင်များအနေနှင့် အဆိုပါယာဉ်တိုက်မှုနှင့်ပတ်သက်၍ ဥပဒေကြောင်းအရ အမှန်အတိုင်း ပေါ်ပေါက်စေရေးအတွက် ပူးပေါင်းဆောင်ရွက်ရန်ဆန္ဒရှိသော်လည်း သက်ဆိုင်ရာရဲတပ်ဖွဲ့နှင့် ယာဉ်ထိန်းရဲတို့က လာရောက်စစ်ဆေးခြင်းမရှိသေးကြောင်း ယာဉ်ပိုင်ရှင် မိသားစုက ပြောဆိုသည်။

လက်ရှိတွင် အဆိုပါယာဉ်တိုက်မှု နှင့်ပတ်သက်၍ အသက် ၂၆ နှစ်အရွယ် ယာဉ်မောင်း ဦးသန်းထက်အောင်ဆိုသူကို ဖမ်းဆီးထားပြီး အောင်မြေသာစံမြို့နယ် အမှတ် ၂ နယ်မြေရဲစခန်းက ယာဉ်မဆင်မခြင်မောင်းနှင်မှုကြောင့် လူသေစေမှု ပုဒ်မ ၃၀၄-က၊ ယာဉ်ထိန်းရဲ အဆောက်အအုံကို ဝင်တိုက်မှုကြောင့် ပျက်စီးခဲ့ရခြင်းအတွက် ပြည်သူပိုင်ပစ္စည်းကာကွယ်ရေးဥပဒေပုဒ်မ ၆-၁ တို့ဖြင့် အမှုဖွင့်ထားသည်။

M-04