News

POST TYPE

POPULAR POST

ထိုင်းနန်းမွေဆက်ခံမှုကိစ္စ စိတ်မပူကြရန် အိမ်ရှေ့မင်းသား တိုက်တွန်းဟု ဝန်ကြီးချုပ်က တစ်ဆင့်ခံ ပြောကြား
17-Oct-2016

ဘန်ကောက်၊ အောက်တိုဘာ ၁၅

ထိုင်းဘုရင် ဘူမိဘော နတ်ရွာစံခဲ့ပြီးနောက် ဘုရင်သစ် နန်းတက်မည့် အစီအစဉ်ကို အံ့အားသင့်ဖွယ် ရွှေ့ဆိုင်းထားမှုအပေါ် စိတ်မပူကြရန် အိမ်ရှေ့မင်းသားက တိုက်တွန်းခဲ့သည်ဟု စစ်အစိုးရ ဝန်ကြီးချုပ် ပရာရွတ်ချန်အိုချာက အောက်တိုဘာလ  ၁၅ ရက်နေ့တွင် တစ်ဆင့်ခံ ပြောကြားခဲ့ကြောင်း AFP သတင်းက ဖော်ပြသည်။

အိမ်ရှေ့စံက ချက်ချင်း နန်းမတက်သောကြောင့် ရင်ခွင်ပိုက် အုပ်စိုးသူ (regent) ခန့်အပ်ရသည့် အခြေအနေ ရောက်သွားခဲ့ရာ အာဏာသိမ်းမှုများ၊ နိုင်ငံရေး ပဋိပက္ခများ၊ ဆန္ဒပြမှုများဖြင့် မကြာသေးမီနှစ်များအတွင်း မငြိမ်သက်မှုများစွာ ကြုံတွေ့ခဲ့ရသော ထိုင်းနိုင်ငံရေးအတွက်  မရေရာမှုများ ဖြစ်ပေါ်လာခဲ့ကာ ကောလာဟလများ ထွက်ပေါ်လာခဲ့သည်။

တိုင်းသူပြည်သားများ၏ ကြည်ညိုလေးစားမှု ခံရသလို နိုင်ငံရေးတည်ငြိမ်မှု အတွက်လည်း အရေးပါသူဖြစ်သည့် ထိုင်းဘုရင် ဘူမိဘော အဒူလျာဒက်ဂ်ျ သက်တော် ၈၈ နှစ် အရွယ်တွင် ကံတော်ကုန်ခဲ့ရာ နိုင်ငံတစ်ဝန်း ကြေကွဲဝမ်းနည်းနေကြချိန်တွင် မရေရာသော အနာဂတ်အတွက် ပူပန်စရာ ဖြစ်လာခဲ့ခြင်း ဖြစ်သည်။ 

အသက် ၆၄ နှစ် ရှိပြီဖြစ်သည့် အိမ်ရှေ့စံ မဟာဝဇီရလောင်ကွန်းမှာ ဘုရင်ကိုယ်တိုင် သတ်မှတ်ပေးခဲ့သည့် နန်းမွေခံ ဖြစ်သော်လည်း ထိုင်းပြည်သူများနှင့်အတူ ကြေကွဲဝမ်းနည်းနေဆဲ ဖြစ်သောကြောင့် နန်းတက်ရန် အသင့်မဖြစ်သေးဟု မင်းသားကိုယ်စား ဝန်ကြီးချုပ်ကပင် ကြေညာခဲ့ချိန်တွင် ကောလာဟလမျိုးစုံ ထွက်ပေါ်လာခြင်း ဖြစ်သည်။

ဘူမိဘော၏ အတိုင်ပင်ခံကောင်စီကို ဦးဆောင်ခဲ့သော အသက် ၉၆ နှစ်အရွယ် ဗိုလ်ချုပ်ကြီးဟောင်းလည်းဖြစ်၊ ဝန်ကြီးချုပ်ဟောင်းလည်း ဖြစ်သူ ပရမ်တင် ဆူလာနွန်ဒါက ရင်ခွင်ပိုက် အုပ်စိုးသူ (regent) အဖြစ် တာဝန်ယူသွားမည် ဖြစ်သည်။ 

အောက်တိုဘာလ ၁၅ ရက်နေ့တွင် အိမ်ရှေ့စံက မိမိနှင့် ပရမ်တင်ဆူလာနွန်ဒါကို ဆင့်ခေါ်ခဲ့ပြီး နန်းမတက်သေးသည့် ကိစ္စ စိတ်ပူနေမှုများကို ဖြေလျှော့ပေးရန် တိုက်တွန်းခဲ့သည်ဟု ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးဟောင်း ပရာယုချန်အိုချာက ပြောကြားခဲ့သည်။
“တိုင်းပြည်အုပ်ချုပ်ရေးနဲ့ ဆက်ခံရေးအတွက် ပြည်သူတွေ စိတ်မရှုပ်ထွေးကြ၊ စိတ်မပူကြဖို့ မင်းသားက တိုက်တွန်းထားပါတယ်” ဟု ပရာရွတ်က ရုပ်သံမိန့်ခွန်းတွင် ပြောကြားခဲ့သည်။

“ဒီအချိန်မှာ မင်းသားအပါအဝင် လူတိုင်းက ဝမ်းနည်းကြေကွဲနေကြတဲ့ အခါကျတော့ ရုတ်တရက် အပြောင်းအလဲတစ်ခု လုပ်ဖို့ အဘက်ဘက်က စောင့်သင့်တယ်လို့ မင်းသားက ပြောခဲ့ပါတယ်” ဟု  ပရာယုချန်အိုချာက ပင်ပြောကြားခဲ့သည်။

ဆက်ခံရန်မှာ ဘူမိဘော၏ ဈာပန ပြီးစီးမှသာ ဖြစ်လာမည်ဟု မင်းသားက ပြောကြောင်းလည်း ပရာယုချန်အိုချာက  ပြောကြားခဲ့သည်။

ဘူမိဘော ဈာပနာကို အချိန်ကြာမြင့်စွာ ကျင်းပမည် ဖြစ်သလို ယင်းနောက်ပိုင်း မည်သည့်အချိန်တွင် ဝဇီရလောင်ကွန်း နန်းတက်မည် ဆိုခြင်းကိုလည်း ဝန်ကြီးချုပ်က ရေရေရာရာ ပြောသွားခဲ့ခြင်း မရှိပေ။ 

ဝဇီရလောင်ကွန်း ချက်ချင်း နန်းမတက်သေးဆိုသော သတင်းကိုလည်း ဝန်ကြီးချုပ်ကပင် တစ်ဆင့်ခံ ပြောကြားခဲ့ခြင်း ဖြစ်သည်။

ရင်ခွင်ပိုက်အုပ်စိုးသူ (regent) အဖြစ် တာဝန်ယူမည့် ပရမ်မှာ ဗိုလ်ချုပ်ကြီးအဖြစ် သာမက ဝန်ကြီးချုပ် အဖြစ်ပါ ထိုင်းနိုင်ငံရေးတွင် ကာလရှည်ကြာ ပါဝင်ပတ်သက်ခဲ့သူ ဖြစ်ပြီး ဘူမိဘော၏ အဓိက မဟာမိတ်တစ်ဦးဟု မှတ်ယူခံရသူ ဖြစ်သည်။

ဘူမိဘော နတ်ရွာလားပြီးနောက် ဝမ်းနည်းကြေကွဲမှု အထိမ်းအမှတ်အဖြစ် ထိုင်းနိုင်ငံတွင် ဖျော်ဖြေပွဲများနှင့် အပျော်အပါး အများအပြားကို ရပ်ဆိုင်းထားပြီး တိတ်ဆိတ်ငြိမ်သက်လျက် ရှိသည်။

လူကြိုက်မများသလို ထိုင်းစစ်တပ်ကလည်း သဘောမတွေ့ဟု သတင်းထွက်ခဲ့သည့် အိမ်ရှေ့စံ ဝဇီရလောင်ကွန်း အာဏာဆက်ခံခွင့်ရသည့်တိုင် ခမည်းတော်ကဲ့သို့ နိုင်ငံသားတို့၏ ကိုယ်ကျင့်တရားအတွက် စံပြပုဂ္ဂိုလ်အဖြစ် သြဇာညောင်းနိုင်ပါ့မည်လားဟု မေးခွန်းထုတ်မှုများ ရှိနေသည်။

ဘုရင်နှင့် တော်ဝင်မျိုးနွယ်များကို ဝေဖန်လှောင်ပြောင်ပါက ပြင်းထန်သည့် ပြစ်ဒဏ်ကျခံရနိုင်သည့် ဥပဒေကြောင့် ထိုင်းနိုင်ငံတွင်း နန်းတွင်းရေးကို လူသိရှင်ကြား ပွင့်ပွင့်လင်းလင်း ဝေဖန်ပြောဆိုခွင့် မရှိပေ။