News

POST TYPE

POPULAR POST

တိမ်းမှောက်ခဲ့သော အမြန်ရေယာဉ်တွင် လိုက်ပါလာသည့် ခရီးသည် အရေအတွက် အတိအကျ မသိရ
16-Oct-2016


မုံရွာ၊ အောက်တိုဘာ ၁၆

ချင်းတွင်းမြစ်ကြောင်းအတွင်း ဟုမ္မလင်း-မုံရွာ ပြေးဆွဲနေသော အေးငြိမ်းချမ်းသာ အမြန်ရေယာဉ်အသင်းမှ အောင်စိုးမိုးကျော်ရေယာဉ် တိမ်းမှောက်မှုတွင် စီးနင်းလိုက်ပါလာသော ခရီးသည် အရေအတွက်မှာ အတိအကျ မသိရဘဲ ကွဲပြားမှုများ ရှိနေကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

အောက်တိုဘာ ၁၅ ရက်နေ့တွင် အမြန်ယာဉ်ပေါ် စီးနင်းလာသော ခရီးသည် အရေအတွက်ကို ရေကြောင်းထိန်းသိမ်းရေး ဦးစီးဌာနက ၁ဝဝ ကျော်ဟု လည်းကောင်း၊ အေးငြိမ်းချမ်းသာ အမြန်ယာဉ်ဂိတ်မှ တာဝန်ခံက ၂ဝဝ ဟု လည်းကောင်း၊ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၏ ထုတ်ပြန်ချက်အရ ၁၈ဝ နှင့် ကယ်ဆယ်ရေးစခန်းတွင် အသက်ရှင် ကျန်ရစ်သော ခရီးသည်များက ၂၅ဝ ဟုလည်းကောင်း ကွဲပြားနေကြခြင်း ဖြစ်သည်။

အောင်စိုးမိုးကျော် အမြန်ရေယာဉ် နစ်မြုပ်မှုတွင် ခရီးသည်ရှစ်ဦး၏ အလောင်းကို ဆယ်ယူရရှိထားပြီး ပျောက်ဆုံးခရီးသည်များ ရှာဖွေရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း စစ်ကိုင်းတိုင်းဒေသကြီး မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါ ရေယာဉ်နစ်မြုပ်မှုတွင် တာဝန်ကျနေသော ရဲတပ်ကြပ်ကြီး တင်ထွန်းက ခရီးသည် အရေအတွက် အတိအကျပြောရန် ခက်ခဲကြောင်း ၁၈ဝ နှင့် ၂ဝဝ ကြား ခန့်မှန်းသည်ဟု ပြောကြားသည်။  

ဟုမ္မလင်း-မုံရွာ ပြေးဆွဲနေသော  အေးငြိမ်းချမ်းသာ အမြန်ရေယာဉ်အသင်းမှ အောင်စိုးမိုးကျော် ရေယာဉ်သည် ကနီမြို့အထက် မိချောင်းတွင်းကျေးရွာတွင် အောက်တိုဘာ ၁၅ ရက်နေ့ နံနက် ၅ နာရီက ကျောက်ဆောင်အား ရှောင်တိမ်းရာမှ အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့ရာ လိုက်ပါလာသော ခရီးသည်များအနက်  ၁၅၇ ဦးကို ကယ်ဆယ်နိုင်ခဲ့ပြီး ရှစ်ဦး အလောင်းအား ဆယ်ယူရရှိကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးထံ တင်ပြလာသည့် မှတ်တမ်းများအရ သိရသည်။

ရေယာဉ်နစ်မြုပ်ရာနေရာသို့ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့် တိုင်းအဆင့်အရာရှိများ သွားရောက်၍ ကယ်ဆယ်ထောက်ပံ့ရေး လုပ်ငန်းများကို ညွှန်ကြားခဲ့သည်။

အမြန်ယာဉ် တိမ်းမှောက်နစ်မြုပ်မှုတွင် ရေယာဉ်မောင်းသူ ဇော်မျိုးဝင်း ၄ဝ နှစ်ကို  ကနီမြို့မ ရဲစခန်းတွင် (ပ)၁၅၄/ ၂ဝ၁၆  ရာဇသတ်ကြီးပုဒ်မ ၂၈ဝ/၃ဝ၄ (က) အရ အမှုရေးဖွင့်ထားပြီး ဖမ်းဆီးရမိရေးကို ဆောင်ရွက်နေကြောင်း ကနီမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။

နစ်မြုပ်ရေယာဉ်ကို ကရိန်းရေယာဉ်ဖြင့် ဆယ်ယူပြီးပါက သေဆုံးသူ အရေအတွက် မြင့်တက်လာဖွယ် ရှိကြောင်း ကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်နေသူများက ပြောကြားသည်။        


  • VIA