News

POST TYPE

POPULAR POST

ဘဏ်အမျိုးအစားမတူသည့် ငွေစာရင်းများ ငွေလွှဲပြောင်းခြင်း စနစ်သစ်ကို ဘဏ်သုံးဘဏ် စတင်မည်
07-Nov-2018



ရန်ကုန်၊ နိုဝင်ဘာ ၆

ဘဏ်အမျိုးအစားမတူသည့် အကောင့်များ ငွေလွှဲခြင်းစနစ်သစ်ကို ဘဏ်သုံးဘဏ်က ယခုနှစ်ကုန်တွင် စတင်ဝန်ဆောင်မှုပေးရန် စီစဉ်ထားကြောင်း Myanmar Payment Union (MPU) ထံမှ သိရသည်။

အဆိုပါစနစ်သစ်ကို စမ်းသပ်လုပ်ဆောင်နေသည်မှာ ရိုးမဘဏ်၊ ဧရာဝတီဘဏ်၊ မြဝတီဘဏ်၊ ရွှေဘဏ်နှင့် CHDB ဘဏ်တို့ဖြစ်ပြီး ယင်းဘဏ်များအနက်ဘဏ်သုံးဘဏ်က စတင်ဆောင်ရွက်မည်ဖြစ်ကြောင်း၊ MPU ကတ်များရှိ ငွေစာရင်းအပါအဝင် ငွေစာရင်းအမျိုးအစားများအားလုံးကို စာရင်းလွှဲပြောင်းနိုင်မည်ဖြစ်ကြောင်း MPU အဖွဲ့၏ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

“ဒီဝန်ဆောင်မှုပေးဖို့ကို လုပ်နေတာကြာပါပြီ။ နည်းပညာပိုင်း ချိတ်ဆက်မှုမပြီးသေးလို့သာ မစနိုင်တာပါ။ အခုဆို နည်းပညာပိုင်းက ၉၀ ရာခိုင်နှုန်းလောက် ပြီးပါပြီ။ ဘဏ်အမျိုးအစားမတူတဲ့အခါ ငွေလွှဲခကောက်ခံမယ့်နှုန်းထားတွေကတော့ ဘဏ်တွေအချင်းချင်း ညှိနေတုန်းပါပဲ” ဟု ၎င်းကဆိုသည်။

အိမ်နီးချင်းနိုင်ငံများတွင် ကတ်စနစ်ဖြင့်ငွေပေးချေခြင်း၊ ငွေလွှဲခြင်း၊ အကြွေးယူခြင်း စသည်ဖြင့် တိုးတက်နေချိန်တွင် မြန်မာနိုင်ငံတွင်လည်း ကတ်စနစ်ထွန်းကားရန် ကတ်နှင့် ပတ်သက်သည့်ဝန်ဆောင်မှုများ ကောင်းမွန်ရန်လိုအပ်သောကြောင့် ဗဟိုဘဏ်နှင့်ညှိနှိုင်းကာ ဘဏ်အမျိုးအစားမတူသည့် ငွေစာရင်းများငွေလွှဲ ပြောင်းနိုင်ရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း Myanmar Payment Union ထံမှ သိရသည်။

လက်ရှိအချိန်တွင် ငွေလွှဲခြင်းကို ဘဏ်သို့သွားရောက်၍ ဆောင်ရွက်နေရပြီး ဝန်ဆောင်ခကို ကျပ်တစ်သိန်းလျှင် ကျပ် ၅၀၀ ကောက်ခံကြောင်း၊ ဘဏ်အမျိုးအစားတူမှသာ ငွေလွှဲနိုင်ပြီး နီးစပ်ရာဘဏ်တွင် ငွေမလွှဲနိုင်ခြင်းကြောင့် ကျေးလက်ရှိ ဘဏ်ဝန်ဆောင်မှုသုံးစွဲသူများမှာ အခက်အခဲရှိကြောင်း MPU ကတ်ကိုင်ဆောင်သူများက မှတ်ချက်ပြုပြောကြားသည်။

“ငွေစုစာရင်းတို့၊ အပ်ငွေစာရင်းထဲက ငွေတွေကို အရင်က အလွယ်တကူပြောင်းလို့မရဘူး။ ဘဏ်အမျိုးအစားမတူတဲ့ ငွေစာရင်းတွေအားလုံး ငွေလွှဲနိုင်တဲ့စနစ်က ဘဏ်ဖွင့်ချိန်မှမဟုတ်ဘဲ အလွယ်ဆုံးငွေလွှဲမယ်ဆိုရင် နီးစပ်ရာ ATM စက်တွေက လွှဲနိုင်မယ့်အတွက် ကတ်သုံးစွဲသူတွေအတွက် ပိုအဆင်ပြေနိုင်ပါတယ်” ဟု ကုမ္ပဏီဝန်ထမ်းတစ်ဦးဖြစ်သူ ဒေါ်လဲ့လဲ့ဝင်းက ပြောဆိုသည်။

ဘဏ်အမျိုးအစားမတူသည့် အကောင့်များ ငွေလွှဲခြင်းစနစ်ကို ၂၀၁၆ ခုနှစ်ကတည်းက ဘဏ်များက စတင်စမ်းသပ်ခဲ့ခြင်းဖြစ်ကြောင်း Myanmar Payment Union ထံမှ သိရသည်။

J-13