News

POST TYPE

POPULAR POST

ရန်ကုန်စာတိုက်ကြီးတွင် ကျပ်သိန်း ၉၅၀ ရှိ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ
04-Nov-2018



ရန်ကုန်၊ နိုဝင်ဘာ ၃

ရန်ကုန်စာတိုက်ကြီးပြည်ပချော စာဌာနသို့ ဂျာမနီနိုင်ငံမှ ပေးပို့လာသည့် ပါဆယ်ထုပ်ကို ဖွင့်ဖောက်စစ်ဆေးရာမှ ကာလပေါက်ဈေး ကျပ်သိန်း ၉၅၀ ရှိ (Ecstasy) စိတ်ပြောင်း ခေါင်းခါ ဆေးပြားများကို သိမ်းဆည်းရမိခဲ့ကြောင်း မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ထံမှသိရသည်။

ဆေးပြားတစ်ပြားလျှင် ကျပ်တစ်သိန်းရှိသော စိတ်ပြောင်း ခေါင်းခါဆေးပြား ၉၅၀ ပြား ပါရှိသည့် ပါဆယ်ထုပ်မှာ နိုဝင်ဘာလ ၁ ရက် နံနက် ၁၀ နာရီက ရန်ကုန် စာတိုက်ကြီးရှိ ပြည်ပချောစာဌာနသို့ ရောက်ရှိလာပြီးနောက် ဂျာမနီနိုင်ငံမှ ပေးပို့လာသည့် ယင်းပါဆယ်ထုပ်အား လာရွေးသူနှစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့သည်။

ရန်ကုန်စာတိုက်ကြီးသို့ မာ့ခ်တူးယာဉ်ဖြင့် လာရောက်၍ ပါဆယ်ထုပ် လာရွေးသူနှစ်ဦးမှာ အသက် ၂၄ နှစ် ကျော်ထွဋ်နှင့် အသက် ၃၀ နှစ် ပွကြီး (ခ) ဇော်နိုင်တို့ဖြစ်ပြီး ၎င်းတို့ကို ရဲမင်းဆိုသူက ပါဆယ်ထုပ်အား သွားရောက်ထုတ်ယူရန် စေခိုင်းခဲ့ကြောင်း ထွက်ဆိုသဖြင့် ရန်ကင်းမြို့နယ်၊ ၁၅ ရပ်ကွက်၊ ဘောက်ထော်ဘူတာလမ်းတွင် နေထိုင်သူ အသက် ၃၅ နှစ် ရဲမင်းကို ထပ်မံဖမ်းဆီးခဲ့သည်။

ရဲမင်း၏ ထွက်ဆိုချက်အရ ၎င်းမှာ Mr. Bas Dijers အမည်ဖြင့် Mail Account အသုံးပြု၍ အင်တာနက်ဝက်ဘ်ဆိုက်မှ အထက်ပါ စိတ်ပြောင်း ခေါင်းခါ ဆေးပြားများကို မှာယူခဲ့ကြောင်း သိရှိရ ပြီးနောက် ရဲမင်းအပါအဝင် သုံးဦးကို ကျောက်တံတားမြို့မ ရဲစခန်းက မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေ ပုဒ်မ ၁၉ (က)/ ၂၀ (ခ) ဖြင့် အမှုဖွင့် အရေးထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ယခုနှစ် စက်တင်ဘာလ ၆ ရက်နှင့် ဩဂုတ်လ ၈ ရက်နေ့က ရန်ကုန်စာတိုက်ကြီးသို့ အမေရိကန်နိုင်ငံမှ ပေးပို့လာသည့် ပါဆယ်ထုပ်များအတွင်းမှလည်း Ketamine မူးယစ်ဆေးဝါးဟု ယူဆရသော အကြည်ရောင် ပုံဆောင်ခဲများပါ အထုပ်သေး ၁၇၀ နှင့် ဆေးခြောက်ဟု ယူဆရသည့် အရိုး၊ အရွက် ရောရာ ၅၄ ဂရမ်၊ ဆေးခြောက် အဆီဟုယူဆရသည့် လိမ္မော်ရောင် ပုံဆောင်ခဲများကို စစ်ဆေးတွေ့ရှိခဲ့သည်။

ယင်းအပြင် စက်တင်ဘာလ ၁၃ ရက်နေ့က ဂျာမနီနိုင်ငံမှ ပေးပို့လာသည့် နို့မှုန့်ထုပ်များအတွင်း ကိုကင်းဟု ယူဆရသည့် မူးယစ်ဆေးဝါးများ ထည့်ထားသော ပါဆယ်ထုပ်ကို လာရွေးသူ အသက် ၅၄ နှစ် ဒေါ်ခင်သီတာကို ဖမ်းဆီးစစ်ဆေးခဲ့ရာ ကြည့်မြင်တိုင်မြို့နယ်၊ သီရိမင်္ဂလာ ဈေးဟောင်း ကားရောင်းဝယ်ရေးဝင်းရှိ လေးလွှာ အခန်းအမှတ် ဃ-၄ တိုက်ခန်းတွင် နေထိုင်သူ မြင့်အောင် (ခ) တာကောက ယင်းပါဆယ်ထုပ်ကို ထုတ်ယူခိုင်းကြောင်း ထွက်ဆိုသဖြင့် မူးယစ်တပ်ဖွဲ့စု (၄၂) မှ တပ်ဖွဲ့ဝင်များက အဆိုပါ တိုက်ခန်းကို ဝင်ရောက်ရှာဖွေစစ်ဆေးခဲ့ရာ လူမတွေ့ရှိခဲ့သော်လည်း မူးယစ်ဆေးဝါးဟု ယူဆရသည့် အညိုရောင်အမှုန့် ၁၀ ဂရမ်ခန့်၊ မွှေစက်နှစ်လုံး၊ လက်လှည့်ကြိတ်စက် တစ်လုံးနှင့် အခြားဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။

S-03