News

POST TYPE

POPULAR POST

ဆင်းရဲသားများအတွက် အိန္ဒိယ အွန်လိုင်းဈေးကွက်
26-Jul-2016
ည ၁ဝ နာရီခွဲ နီးပါးရှိပြီဖြစ်သည်။ မိုဟာမက် ရာဖစ်ရှာအစ်သည် နောက်တစ်နေ့အော်ဒါ ပို့ရမည့် နောက်ဆုံး လက်ကိုင်အိတ်ကို အပြီးသတ် ချုပ်နေသည်။ သူက ညစဉ် ၁ဝ နာရီတွင် အလုပ်မှ ပြန်လေ့ရှိသော်လည်း ယနေ့တော့ အချိန်ပို ဆင်းနေရပြီ။

ရှာအစ်သည် သားရေအိတ်နှင့် သားရေတုအိတ်များကို ချုပ်ရာတွင် ကျွမ်းကျင်သူ ဖြစ်သည်။ သူက အိတ်ချုပ်ခြင်း အတတ်ကို ငယ်စဉ်ကလေး ဘဝကတည်းက ဒေလီတွင် သင်ကြားခဲ့သည်။ ဒေလီတွင် သူ နှစ်ပေါင်း ၂ဝ ခန့် နေထိုင်ခဲ့ပြီး မွန်ဘိုင်းကို အလုပ်အကိုင် ပိုကောင်းမည်ထင်ကာ ပြောင်းရွှေ့ခဲ့ခြင်း ဖြစ်သည်။

သူက ဒါရာဗီရပ်ကွက်တွင် နေထိုင်သည်။ ထို ရပ်ကွက်သည် မွန်ဘိုင်းတွင် အလွန် ရှုပ်ထွေးသော ဆင်းရဲသား ရပ်ကွက် တစ်ခု ဖြစ်သည်။ ထိုရပ်ကွက်သည် ၂ဝဝ၈ ခုနှစ်က Slamdog Millionaire ဆိုသည့် ရုပ်ရှင်ကားကြောင့် နာမည်ကျော် သွားခဲ့ရသည့် ဆင်းရဲသား ရပ်ကွက်လည်း ဖြစ်သည်။ ဒါရာဗီသည် မွန်ဘိုင်းမြို့တော်၏ အလယ်တည့်တည့်တွင် ရှိပြီး ဧက ၂ဝဝ ခန့် ကျယ်သော မြေနေရာတွင် တည်ရှိသော ရပ်ကွက်လည်းဖြစ်သည်။ ရပ်ကွက်အတွင်း လူနေသန်းချီရှိပြီး အိမ်ခန်းနေရာ ကျဉ်းကျဉ်းလေးများထဲတွင် အိုးလုပ်ငန်း၊ သားရေ လုပ်ငန်းနှင့် ဇာရီပန်းထိုး လုပ်ငန်းများ လုပ်ကိုင်ကြ သည်။ ထိုရပ်ကွက်အတွင်း လက်မှု အနုပညာ လုပ်ငန်းများကို မိသားစုပေါင်း များစွာသည် မျိုးဆက်အလိုက် လက်ဆင့်ကမ်းရင်း လုပ်ကိုင်ကာ အသက်မွေး နေထိုင်ကြခြင်း ဖြစ်သည်။

ဤရပ်ကွက်ကို ဆင်းရဲစုတ်ပြတ်သည့် ရပ်ကွက်ဟု လူတွေက ထင်ကြသော်လည်း ထိုရပ်ကွက်တွင် နေထိုင်သူများအတွက် တစ်နှစ်ဝင်ငွေ စုစုပေါင်းမှာ ဒေါ်လာ သန်းပေါင်း ၆၅ဝ ကျော် ရှိသည်ဟုဆိုသည်။ မွန်ဘိုင်းတွင် နေထိုင်သူ အများစုကို ဤရပ်ကွက်က ထမင်း ကျွေးထားနိုင်သည့် အနေအထားတွင် ရှိသည်ဟုလည်း ဆိုနိုင်သည်။

ရှာအစ်လို အလုပ်ကို အပြင်းအထန် ကြိုးစား လုပ်ကိုင်နေရသူများသည် အလုပ်ပြီးလျှင် ကိုယ့်ရွာ ကိုယ် ပြန်ကြရသည်။ သူတို့တွင် မိသားစုကို မွန်ဘိုင်းတွင် ခေါ်ထားနိုင်လောက်သည့် အနေအထား မရှိ။ မွန်ဘိုင်းမြို့၏ လူနေမှု စရိတ်က အလွန် ကြီးမြင့်လှသည်။

ရှာအစ် ဘဝ တစ်လျှောက်လုံး ဘီဟာရွာလေးတွင် နေထိုင်သည့် မိသားစုအတွက် ကြိုးစား ရုန်းကန်ခဲ့ရသည်။ လုပ်နိုင်လွန်း၍သာ လူရိုသေ ရှင်ရိုသေ ဘဝဖြင့် နေထိုင်နိုင်သည်။ အသက် ၄၁ နှစ်ရှိပြီဖြစ်သော သူက ''ကျွန်တော် အိမ်ကို ပြန်နေရတာ ငွေချွေတာချင်လို့ပါ။ မိသားစု ဆန္ဒကို ဖြည့်ဆည်း ပေးချင်လို့ပါ''ဟုလည်း ပြောရှာသည်။

သို့သော် ရှာအစ်နှင့် ဒါရာဗီ ရပ်ကွက်အတွင်းရှိ လက်မှုလုပ်ငန်း လုပ်ကိုင်သူများသည် လွန်ခဲ့သော ၂ နှစ်ခန့်ကတည်းက ပြောင်းလဲမှုများကို စတင် ရင်ဆိုင် ကြုံတွေ့လိုက်ရသည်။ ပထမဆုံး အွန်လိုင်း ဈေးကွက် ဆိုသည်ကို သူတို့ ကြုံတွေ့လိုက်ရသည်။ Dharavimarket.com ဆိုသည့် ထူးဆန်းသော ဈေးကွက်တစ်ခုကို သူတို့ ရင်ဆိုင်လိုက်ရခြင်း ဖြစ်သည်။ 

အင်တာနက်တွင်ရောင်းချခြင်း

Dharavimarket.com ဆိုသည့် Website တစ်ခု ပေါ်လာပြီးနောက် ထိုဆင်းရဲသား ရပ်ကွက်မှ လက်မှုပညာများကို အွန်လိုင်းပေါ် တင်ကာ ရောင်းချသည့်စနစ် ဖြစ်လာသည်။ ၂ဝ၁၄ ခုနှစ် သြဂုတ်လတွင် ယင်း Website ကို ထူထောင်ခဲ့သည်။ စွန့်ဦး လုပ်ငန်းရှင်မှာ မက်ဟာ ဂုပတားဆိုသူ ဖြစ်သည်။ အိန္ဒိယနိုင်ငံ မြို့ပြ ဆင်းရဲသား ရပ်ကွက် တစ်ခုအတွက် ပထမဆုံး ပလက်ဖောင်းသစ် တစ်ခုကို ဖောက်လုပ်ပေးလိုက်ခြင်း ဖြစ်သည်။ ထို Website တွင် ပစ္စည်း အမျိုးပေါင်း ၁ဝဝဝ ကျော်ကို ပြသထားသည်။ ယင်းတို့အထဲတွင် လက်ကိုင်အိတ်၊ ဂျာကင်အင်္ကျီ၊ အဝတ်အစားများ၊ မြေအိုး မြေထည် လုပ်ငန်းနှင့် အခြား လက်ဆောင်ပစ္စည်းပေါင်း များစွာ ပါဝင်သည်။ ဒါရာဗီ ရပ်ကွက်အတွင်းရှိ လက်မှုပညာရှင်ပေါင်း ၃ဝဝ ခန့်က ထုတ်လုပ်ထားသော လက်မှုပစ္စည်းများ ဖြစ်သည်။

ဂုပတားသည် အသက်၃ဝ အရွယ်ခန့်သာ ရှိသေးသည်။ သူမက လက်မှု ပညာရှင်တို့၏ လက်ရာများကို သတိထားမိပြီး ၂ဝ၁၂ ခုနှစ်ကတည်းက ကိုယ်ပိုင် လုပ်ငန်း တစ်ခုကို ထူထောင်ကာ ထိုပစ္စည်းများ ရောင်းချရန် စိတ်ကူးရခဲ့ခြင်း ဖြစ်သည်။ သူမအနေနှင့် ဆင်းရဲသား ရပ်ကွက်အတွင်း လှည့်လည် ကြည့်လိုက်ရာ လုပ်ကိုင်နေကြသည့် လုပ်ငန်းများကို ကြည့်ပြီး အံ့အား သင့်သွားခဲ့ရသည်။

''ဒီရပ်ကွက်ထဲက ပညာရှင်တွေက မနက်ကနေ ညတိုင်အောင် ကမ္ဘာ့အဆင့် ထုတ်ကုန်တွေကို ထုတ်လုပ်နေကြတာပဲ။ သူတို့ ထုတ်ကုန်တွေကို နိုင်ငံတကာအထိ တင်ပို့နေကြတာ''ဟု ဂုပတားက ဆိုသည်။

သူတို့သည် ထုတ်လုပ်ထားသမျှ ပစ္စည်းများကို ဈေးနှုန်းတွေ လျှော့ချကာ ရောင်းနေကြရကြောင်း သူ တွေ့ရှိလိုက်ရသည်။

''သူတို့ပစ္စည်းကို သူတို့က ပြည်တွင်း ဈေးကွက်မှာပဲ ရောင်းချနေကြရတာ။ ဒါကြောင့် သူတို့ ရသင့်သလောက် အကျိုးအမြတ်တွေလည်း မရကြဘူးပေါ့''ဟု သူက ပြောကြားသည်။

အချို့ဆိုလျှင် သူတို့ ထုတ်လုပ်ထားသည့် ပစ္စည်းများကို ကြားလူက လိမ်သွားသဖြင့် ဆုံးရှုံးခဲ့ရသည်များလည်း ရှိခဲ့သည်။ သူတို့တွင် ရွေးချယ်စရာ မရှိ။ တစ်နေကုန် တစ်နေခန်း အလုပ်ထဲတွင် ဘဝကိုမြှုပ်နှံပြီး ရတာလေးနှင့် ဝအောင် စားကာ နေထိုင်ခဲ့ရရှာသည်။

Dharavimarket.com ကို မွေးဖွားခဲ့ရခြင်းမှာ ထိုရပ်ကွက်မှ ပညာရှင်များအတွက် နိုင်ငံတကာနှင့် ချိတ်ဆက်မိစေမည့် အွန်လိုင်းဈေးကွက် တစ်ခုကို ဖွင့်လှစ် ပေးလိုက်ခြင်း ဖြစ်သည်။ ဆင်းရဲသားရပ်ကွက် အတွင်းမှာ ပညာရှင်များကို ဂုပတားသည် စမတ်ဖုန်းများဖြင့် မိတ်ဆက် ပေးလိုက်ပြီး အဆင့်မြှင့်တင် ပေးလိုက်သည်။

အိန္ဒိယနိုင်ငံတွင် မိုဘိုင်းလ်ဖုန်း သုံးစွဲနေသူပေါင်း သန်း ၂၂ဝ ခန့် ရှိကြောင်း Counterpoint Research အဖွဲ့၏ စစ်တမ်းအရ သိရသည်။ အိန္ဒိယနိုင်ငံသည် တရုတ်နိုင်ငံပြီးလျှင် ဒုတိယ အများဆုံး စမတ်ဖုန်း ဈေးကွက်ကြီးကို ပိုင်ဆိုင်ထားသည့် နိုင်ငံလည်းဖြစ်သည်။

ဂုပတားက သူ၏ Website ကို စမတ်ဖုန်း ဆော့ဖ်ဝဲနှင့် ချိတ်ဆက်လိုက်ပြီး ဆင်းရဲသား ရပ်ကွက်မှ ပညာရှင်များကို မိမိတို့ ထုတ်ကုန်နှင့် ရောင်းဈေးများကို တင်ပေးနိုင်သည့် နည်းလမ်းများကိုပါ သင်ပေးလိုက်သည်။ ဝယ်ယူလိုသူများက အမှာရှိလျှင် သူတို့ကို အသိပေးမည်ဖြစ်သည်။

ဂုပတားက သူတို့ကို အသုံးရလွယ်ကူသည့် Whats App သုံးနည်း သင်ပေးထားသည်။ လက်မှု ပညာရှင်များသည် မိမိတို့ ထုတ်ကုန်များကို ဓာတ်ပုံ ရိုက်ပြီး Website တွင် တင်ထားလိုက်ရုံသာ ဖြစ်သည်။ ဆင်းရဲသား ရပ်ကွက်တွင် လူတိုင်းလိုလို စမတ်ဖုန်းများကို ကိုင်ဆောင်နိုင်ကြသည်။ Whats App ဆော့ဖ်ဝဲကိုလည်း သူတို့ ကောင်းကောင်း အသုံး ပြုတတ်နေကြပြီ ဖြစ်သည်။

Dharavimarket.com သို့ ဥရောပ၊ အမေရိကနှင့် အရှေ့အလယ်ပိုင်း ဒေသများမှ ဖောက်သည်များလည်း ရောက်လာကြသည်။ “သူတို့က အရည်အသွေး မြင့်မားတဲ့ ပစ္စည်းတွေကို ဈေးနှုန်းကလည်း ချိုချိုနဲ့ ရမယ်ဆိုတော့ စိတ်ဝင်စားကြတယ်''ဟု ဂုပတားက ဆိုသည်။

နှစ်ဦးနှစ်ဖက် အကျိုးရှိ

Dharavimarket.com နှင့် ပညာရှင်များ ပူးပေါင်း လုပ်ဆောင်ခြင်းသည် နှစ်ဦးနှစ်ဖက် အကျိုးရှိစေသည့် လုပ်ငန်းဟု ဆိုရမည်။ သူတို့လုပ်သလောက် အကျိုး ခံစားခွင့် ရှိလာသဖြင့်လည်း ဝမ်းသာကြရသည်။ အသက်၂၃ နှစ်အရွယ် သားရေဂျာကင်များ ထုတ်လုပ်သည့် ဟူစိန်ဆိုသူသည် နေ့စဉ် ဂျာကင် ၁၅ ထည်မှ အထည် ၂ဝ အထိ ရောင်းချလာရသည်။

''တစ်ထည်ဆိုရင် ရူပီး ၃ဝဝ ကနေ ၄ဝဝ လောက် (၅ ဒေါ်လာမှ ၇ ဒေါ်လာ) မြတ်တယ်။ မွန်ဘိုင်းက ဆိုင်ကို သွားရောင်းရတဲ့ အမြတ်နဲ့တော့ တခြားစီပဲ''ဟု သူက ဆိုသည်။ နောက်ပိုင်း သူ ပို့လိုက်သည့် အွန်လိုင်းက အမှာရှင်များသည် ပစ္စည်း အရေအသွေးကို ကြိုက်သဖြင့် နောက်ထပ် အမှာများ ထပ်ရောက်လာကြောင်း ပြောရှာသည်။

လုပ်ငန်းလုပ်ကိုင်သူများသည် ဝင်ငွေကောင်းလာ ကြသဖြင့် Dharavimarket.com နှင့် ဆက်သွယ် လုပ်ရခြင်းမှာ သူတို့အတွက် အချိန် မကုန်သည့်အပြင် အကျိုး ရှိကြောင်းပါ လက်ခံလာကြသည်။

''အစောပိုင်းက တစ်ပတ်ကို တစ်ခါလောက် ကိုယ်ချုပ်ထားတဲ့ ဂျာကင်တွေကို ဆိုင်ရှင်တွေဆီ သွားပြီး ပြရတယ်။ ခုတော့ နားရက်တွေမှာ ကိုယ်လုပ်ချင်ရာ လုပ်နေရပြီ''ဟုလည်း သူက ဆိုသည်။

ရှာအစ်သည် သူ့လက်ကိုင်အိတ် လုပ်ငန်းကို အလွန်မြတ်နိုးပြီး သူ့လက်ရာများကိုလည်း တန်ဖိုးထားသူ ဖြစ်သည်။ Dharavimarket.com ထဲတွင် သားရေအိတ် လုပ်ကိုင်နေသည့် ပညာရှင်ပေါင်း များစွာ ရှိနေသည်။ သူလည်း ထို Website ပေါ်သို့ သူ့ပစ္စည်းများ တင်ထားလိုက်သည်။ ''ဖောက်သည်တွေက ပစ္စည်းတွေ မှာပြီဆိုရင် သူ(ဂုပတား) က ကျွန်တော့်ဆီ ရောက်လာပြီ''ဟု သူက ပြောပြသည်။ ဂုပတားက နိုင်ငံတကာက သဘောကျသည့် အိတ်ပုံစံ ဒီဇိုင်းများကိုလည်း သူတို့နှင့် မိတ်ဆက်ပေးသည်။ နိုင်ငံတကာက မည်သည့်ပုံစံ၊ မည်သည့်အရောင်များ ကြိုက်သည် ဆိုခြင်းကို သူတို့ နားလည်လာကြသည်။

ယခုအခါ အွန်လိုင်း ဈေးကွက်ကြောင့် သူတို့သည် အရည်အသွေး ပြည့်မီသည့် ပစ္စည်းများကို ထုတ်ရမှန်း သိလာကြသည်။ အသက် ၃၆ နှစ်အရွယ်ရှိ ဂါလ်ဝါနီသည် အိုးလုပ်ငန်း လုပ်ကိုင်သူ တစ်ဦးဖြစ်သည်။ သူ့ကို အမွှေးတိုင် ထွန်းသည့် ခွက်လေးပေါင်း ၁၅,ဝဝဝ နှင့် မြေအိုးပေါင်း ၃ဝဝဝ အား ဂျာမနီနိုင်ငံ ကုမ္ပဏီ တစ်ခုက အော်ဒါ မှာသဖြင့် လုပ်ကိုင်ပေးနေရပြီ ဖြစ်သည်။

''ကျွန်မတို့ ဖောက်သည်တွေက Website ကပဲ ရှာတယ်။ သူတို့လိုချင်တဲ့ အမျိုးအစားတွေကိုလည်း တိုက်ရိုက်ပဲ မှာကြတယ်''ဟု ဂုပတားကဆိုသည်။ သူမထံ ရောက်လာသည့် အမှာများကို ဆင်းရဲသားရပ်ကွက်မှ ချိတ်ဆက်ထားသူများကို တစ်ဆင့် ပြန်မှာပေးပြီး လုပ်ခိုင်းသည်။ သူ့ Website တွင်သာမက အခြားသော Snapdeal နှင့် Flipkart ကပါ အမှာများ ရရှိအောင် စွမ်းဆောင်နိုင်ခဲ့သည်။

''ကျွန်မက သူတို့ ဘဝတွေကို ခိုင်ခိုင်မာမာ ရပ်တည်နိုင်တဲ့ အနေအထားတွေ ဖြစ်စေချင်တယ်''ဟု သူက ဆိုသည်။ ယခုအခါ အွန်လိုင်းကတစ်ဆင့် သူမ ဖောက်ခဲ့သည့်လမ်းက အတော်လေး ခရီးပေါက်နေပြီ ဖြစ်သည်။

ရှာအစ်တစ်ယောက် တစ်လလျှင် သူ့လက်ကိုင်အိတ် လုပ်ငန်းမှ အနည်းဆုံး ရူပီး ၁၅ဝဝဝ မှ ၂၅ဝဝဝ (ဒေါ်လာ ၂၂၅ မှ ၃၇ဝ)အထိ အကျိုးအမြတ် ခံစားနေရပြီ ဖြစ်သည်။ ဂုပတားနှင့် ဆက်သွယ် လုပ်ကိုင်လိုက်သောကြောင့်ဖြစ်သည်။ ယခုတော့ ရှာအစ် တစ်ယောက် အိမ်ကို မကြာခဏ ပြန်နိုင်ပြီး အိမ်အပြန်လည်း မျက်နှာပန်း လှနေပြီ ဖြစ်သည်။

''ခုဆိုရင် ကလေးတွေ တောင်းဆိုကြတာကို မဖြည့်ဆည်းပေးနိုင်မှာ ကျွန်တော် မပူရတော့ဘူး''ဟု သူက ပြောလိုက်သည်။

„Ref : India's online marketplace for Mumbai's slum artisans, Priti Salian


  • VIA