News

POST TYPE

POPULAR POST

သပိတ်ကျင်း ရွှေလုပ်ကွက်တစ်ခုတွင် မျက်နှာဖုံးစွပ် လူလေးဦးက ဖြုန်းအိတ်များ ခြိမ်းခြောက်လုယူ
22-Oct-2018
မန္တလေး၊ အောက်တိုဘာ ၂၁

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်ရှိ ရွှေလုပ်ကွက်တစ်ခုသို့ မျက်နှာတွင် အဝတ်များစည်းထားသည့် အမျိုးသားလေးဦးက ဓားရှည်များဖြင့် ဝင်ရောက်လာကာ ရွှေဖြုန်းအိတ်များကို လုယူသွားခဲ့ကြောင်း သပိတ်ကျင်း မြို့နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။

ချောင်းကြီးကျေးရွာအုပ်စု ကြက်ပင်ရိုးကျေးရွာရှိ ရွှေပြည်သာ ရွှေသတ္တုတူးဖော်ရေး ကုမ္ပဏီဝင်းအတွင်းမှ ရွှေဖြုန်းအိတ်များကို အောက်တိုဘာလ ၁၈ ရက်နေ့ ညက ခြိမ်းခြောက်လုယူသွားခဲ့သည်ဟုဆိုကာ လာရောက် အမှုဖွင့်ထားခြင်းဖြစ်ကြောင်း အဆိုပါရဲစခန်းမှ အရာရှိတစ်ဦးက ပြောကြားသည်။

“လူတွေက မျက်နှာမှာ အင်္ကျီတို့ ပဝါတို့နဲ့ စည်းထားတာဆိုတော့ ဘယ်သူတွေမှန်းမသိဘူး။ အလုပ်သမားတန်းလျားနားမှာ လုံခြုံရေးဝန်ထမ်းကိုချုပ်ပြီး နိုးလာတဲ့သူတွေကို အကျပ်ကိုင်တယ်။ ပြီးတော့ ဖြုန်းအိတ်တွေသယ်ပြီး ပြန်ထွက်သွားတဲ့ပုံစံမျိုး လာတိုင်ထားပါတယ်”ဟု ယင်းအရာရှိက ရှင်းပြသည်။

အဆိုပါအမျိုးသားလေးဦးသည် တစ်အိတ်လျှင် ကျပ် ၂၅ သိန်းခန့်တန်သည့် ဖြုန်းအိတ် ၁၃ အိတ်နှင့် လုံခြုံရေးဝန်ထမ်း၏ လက်ကိုင်ဖုန်းတို့ကိုယူကာ ထွက်ပြေးသွားသည်ဟုဆိုကာ လုံခြုံရေးခေါင်းဆောင်ဖြစ်သူက ရဲစခန်းသို့ လာရောက်တိုင်ကြားထားခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

ယင်းသို့ ကုမ္ပဏီဝင်းအတွင်း ဝင်ရောက်ကာ ဖြုန်းအိတ်များလုယူသွားသူ အမျိုးသားလေးဦးကို ကုမ္ပဏီလုံခြုံရေး ဝန်ထမ်းဖြစ်သူ ဦးဇော်ဦးဆိုသူက တရားလိုပြုလုပ် တိုင်တန်းထားသည့်အတွက် သပိတ်ကျင်း မြို့မရဲစခန်းက ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၈၆ ဖြင့် အမှုဖွင့်ပေးထားပြီး ကျူးလွန်သူများကို စုံစမ်းရှာဖွေနေကြောင်း ယင်းရဲစခန်းထံမှ ထပ်မံသိရသည်။

M-04