News

POST TYPE

POPULAR POST

ကယားပြည်နယ် ဖားဆောင်းတွင် တပ်မတော်နှင့် ကရင်နီအဖွဲ့တို့ တိုက်ပွဲဖြစ်
21-Oct-2018
ရန်ကုန်၊ အောက်တိုဘာ ၂၀

ကယားပြည်နယ် ဖားဆောင်းမြို့နယ်အတွင်း တပ်မတော်နှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) လက်နက်ကိုင်အဖွဲ့များအကြား တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း အဆိုပါ KNPP အဖွဲ့ လွိုင်ကော်ဆက်ဆံရေးရုံးက အတည်ပြုပြောကြားသည်။

ဖားဆောင်းမြို့နယ်အတွင်းရှိ နန်းကစ်ကျေးရွာတောင်ဘက်ခြမ်းတွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တပ်မတော်ဘက်က အဆိုပါဒေသသို့ ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ တပ်များရောက်လာပြီးနောက် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) လွိုင်ကော်ဆက်ဆံရေးရုံး တာဝန်ခံ ခူညေးရယ်က ပြောကြားသည်။

အဆိုပါဒေသရှိ KNPP တပ်များရှိနေသည့် နေရာများသို့ အောက်တိုဘာလ ၂၀ ရက်နေ့ နံနက်ပိုင်းက တပ်မတော်ဘက်က သွားလာမှုတွင် ကြိုတင်အကြောင်းကြားခဲ့ခြင်းမရှိဘဲ လာရောက်ခဲ့မှုကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ထိခိုက်ဒဏ်ရာရမှုအခြေအနေကို စုံစမ်းထားကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

“မသိလို့လည်းမဟုတ်ဘူး။ သူတို့က ကြိုတင်အကြောင်းမကြားဘူးလေ။ ကြိုတင်အကြောင်းမကြားတော့ ကျွန်တော်တို့ဘက်က လူတွေကလည်း ကိုယ့်အလုပ်ကိုယ်လုပ်မှာပေါ့။ စခန်းတစ်ခုဂိတ်တစ်ခုကို ကျော်သွားရင် ကျွန်တော်တို့ကို အသိပေးအကြောင်းကြားရပါတယ်”ဟု ၎င်းက ဆိုသည်။

တပ်မတော်မှ တပ်ဖွဲ့များကို အဆိုပါဒေသတစ်ဝိုက် ယခုရက်ပိုင်းတွင် မကြာခဏမြင်တွေ့နေရပြီး တပ်မတော်မှ နယ်မြေရှင်းလင်းလုပ်ဆောင်နေသည်ဟု ထင်ရကြောင်း ဖားဆောင်းဒေသခံတစ်ဦးက ပြောကြားသည်။

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) လက်နက်ကိုင်အဖွဲ့သည် အပစ်ရပ်စာချုပ် NCA ကို လက်မှတ်ရေးထိုးရခြင်းမရှိသေးဘဲ လက်မှတ်ရေးထိုးရန် ဆွေးနွေးနေဆဲအဖွဲ့ ဖြစ်သည်။

ထို့ပြင် ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP) အဖွဲ့သည် မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးစက စတင်ဖွဲ့စည်းခဲ့သည့် သက်တမ်းရှည်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်ပြီး အစိုးရနှင့် ပြည်နယ်အဆင့် အပစ်ရပ်သဘောတူထားသည့် အဖွဲ့လည်းဖြစ်သည်။

J-08