News

POST TYPE

POPULAR POST

လိုင်စင်ဖျက်သိမ်းထားသည့် အငှားယာဉ်များ လိုင်စင်ပြန်ခွင့်ပြုရန် တိုင်းအစိုးရထံတင်ပြမည်
19-Oct-2018

ရန်ကုန်၊ အောက်တိုဘာ ၁၈

ကားမှန်စတစ်ကာကပ်သည့်အတွက် လုပ်ငန်းလိုင်စင် ဖျက်သိမ်းခံထားရသော အငှားယာဉ် ၆၆ စီးအတွက် ယာဉ်ပိုင်ရှင်များ၏ လိုင်စင်ပြန်ခွင့်ပြုရေးတောင်းဆိုချက်များကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ထံ တင်ပြသွားမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးလျန်ကျင့်မာန်က ပြောကြားသည်။

“အရေးယူခံရတဲ့ အငှားယာဉ် ၆၆ စီးမှာ ၂၄ စီးက ကိုယ်ပိုင်ကနေ အငှားပြောင်းတဲ့ယာဉ်တွေပါ။ အဲဒါကျတော့ လုပ်ငန်းဖျက်သိမ်းလို့ရတယ်။ လုပ်ငန်းဖျက်သိမ်းလိုက်တော့ ပြီးသွားတယ်။ AA/ BB ကျတော့ ရာသက်ပန်အငှားယာဉ်တွေဖြစ်တယ်။ အခုအငှားယာဉ်မောင်းနဲ့ ယာဉ်ပိုင်ရှင်တွေရဲ့ တင်ပြချက်တွေကို မှတ်တမ်းယူထားပါတယ်။ ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ ရုံးချုပ်ကိုတင်ပြမယ်။ အဖြေရတာနဲ့ ကျွန်တော်အားလုံးကို အကြောင်းပြန်သွားပါမယ်” ဟု ဦးလျန်ကျင့်မာန်က ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကားမှန်စတစ်ကာကပ်သည့် ယာဉ်များကို ဇန်နဝါရီလ ၃၁ ရက် နောက်ဆုံးထား ဖြုတ်သိမ်းရန်နှင့်မဖြုတ်သိမ်းဘဲ ကားမှန်စတစ်ကာကပ်ထားသည့် ယာဉ်များကို ဖေဖော်ဝါရီလ ၁ ရက်မှ စတင်ကာလုပ်ငန်း လိုင်စင်ဖျက်သိမ်းသည်အထိ အရေးယူမည်ဟု ကြေညာခဲ့ပြီး အငှားယာဉ် ၆၆ စီးကို အရေးယူခဲ့ခြင်းဖြစ်သည်။

ထိုသို့ အရေးယူခံရသည့် ယာဉ်များအတွက် ယာဉ်ပိုင်ရှင်နှင့်ယာဉ်မောင်းများကို အောက်တိုဘာလ ၁၈ ရက်က ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရုံးတွင် ခေါ်ယူကာ သတင်းစာရှင်းလင်းပွဲလုပ်ခဲ့သည်။

အငှားယာဉ် ၆၆ စီးကို ဒဏ်ငွေတပ်ခြင်း၊ ယာဉ်လိုင်စင်နှင့်လုပ်ငန်းလိုင်စင်ပါ သက်တမ်းတိုးခွင့်မပြုသည့်အပြင် နယ်နှင်ပြစ်ဒဏ်ပေးရန် စီစဉ်ထားသောကြောင့် လိုင်စင်ပြန်ခွင့်ပြုရန် ယာဉ်ပိုင်ရှင်များနှင့် ယာဉ်မောင်းများက အောက်တိုဘာ ၁၇ ရက်က တော်ဝင်နှင်းဆီခန်းမတွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့သည်။

ကားမှန်စတစ်ကာကပ်ခြင်းကြောင့် အရေးယူခံရသည့် အငှားယာဉ်များမှာ ယာဉ်လိုင်စင် သက်တမ်းပြည့်သည် အထိမောင်းနှင်နိုင်ပြီး လိုင်စင်သက်တမ်း ပြည့်သည့်ယာဉ်များအနေနှင့်လိုင်စင်သွားဝင်ပါက မော်တော်ယာဉ် ဝှီးတက်ကို ထုတ်မပေးသောကြောင့် ယင်းကားများမှာ မော်တော်ယာဉ်ဥပဒေအရ ရပ်နားထားရသောကြောင့် ယာဉ်ပိုင်ရှင်များနှင့် ယာဉ်မောင်းများ၏ မိသားစုဝင်များ အခက်အခဲများကြုံတွေ့နေရကြောင်း ၎င်းတို့ထံမှ သိရသည်။

“စတစ်ကာကပ်တဲ့ ကိစ္စနဲ့ပတ်သက်ပြီးတော့ လုပ်ငန်းလိုင်စင်နဲ့ ဝှီးတက်ကို နဂိုမူလအတိုင်းထုတ်ပေးဖို့နဲ့ လိုင်စင်ဆက်ဝင်ဖို့ ခွင့်ပြုပေးဖို့နဲ့ ယာဉ်မောင်းတွေနဲ့ ယာဉ်ပိုင်ရှင်တွေရဲ့စားဝတ်နေရေးကို သက်ညှာသောအားဖြင့် အားကိုးတကြီး တင်ပြရခြင်းဖြစ်ပါတယ်။ ဒီအပေါ်မှာ နိုင်ငံတော်ဆန့်ကျင်တဲ့ ရည်ရွယ်ချက်လည်းမပါဘူး။ အားကိုးတကြီး တင်ပြရခြင်းဖြစ်ပါတယ်” ဟု ယာဉ်ပိုင်ရှင်ဖြစ်သူ ဦးကျော်ဌေးဝင်းက ဆိုသည်။

တက္ကစီများကို နယ်နှင်ရန် သတ်မှတ်ထားသော ပြစ်မှု ၇ ချက်တွင် စတစ်ကာကပ်ထားသော တက္ကစီများလည်း ပါဝင်ခဲ့ပြီး ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်မှ ၁၂ ရက်အထိ စတစ်ကာကပ်သည့်အငှားတက္ကစီယာဉ် ၉၉ စီးကို ဖမ်းဆီးခဲ့ပြီး စိစစ်ခဲ့ရာ စင်းလုံးငှား “ဂ” လုပ်ငန်းလိုင်စင် လုပ်ထားသည့်ယာဉ် ၆၆ စီးကို လုပ်ငန်းလိုင်စင်ဖျက်သိမ်းကာ နယ်နှင်ရန် စီစဉ်ထားသည်။

J-10