News

POST TYPE

POPULAR POST

မလှိုင်တွင် အမျိုးသမီးရာအိမ်မှူးအပါအဝင် ၄၂ ဦးကို သာသနာညှိုးနွမ်းမှုဖြင့် အမှုဖွင့်
18-Oct-2018



မိတ္ထီလာ၊ အောက်တိုဘာ ၁၇

မလှိုင်မြို့နယ် မန်ကျည်းပင်ပုရွာ ဆွမ်းလောင်းပွဲနှင့် ဗုဒ္ဓပူဇနိယပူဇော်ပွဲတွင် ရဟန်းသံဃာများနှင့် ဒေသခံများကို ကြမ်းတမ်းစွာပြောဆိုကာ တုတ်၊ ဓားလက်နက်များဆွဲကိုင်ကာ ရန်ပြုခဲ့သည်ဆိုသော အမျိုးသမီးရာအိမ်မှူးအပါအဝင် လူ ၄၂ ဦးကို သာသနာညှိုးနွမ်းမှုဖြင့် အမှုဖွင့်ထားကြောင်း ကျေးရွာဒေသခံများထံမှ သိရသည်။

မန်ကျည်းပင်ပုရွာဘုန်းကြီးကျောင်းမှ ယခင်ဆရာတော်သည် ရဟန်းကျင့်ဝတ်နှင့်မညီသဖြင့် ပုဒ်မ ၄၉၇ အရ ထောင်ခြောက်လကျခံနေရကြောင်း၊ ယင်းကိစ္စကိုအကြောင်းပြု၍ ကျေးရွာလူထု နှစ်ခြမ်းကွဲသွားခဲ့ကြောင်း၊ ပြီးခဲ့သည့် စက်တင်ဘာလ ၁၆ ရက်နေ့က ကျင်းပသော ဆွမ်းလောင်းပွဲသို့ အနီးပတ်ဝန်းကျင်ကျေးရွာများမှ သံဃာတော် ၆၃ ပါးသည် မန်ကျည်းပင်ပုရွာသို့ကြွခဲ့ကြောင်း၊ သံဃာတော်များကို အရုဏ်ဆွမ်းကပ်ပြီးနောက် နံနက် ၇ နာရီခွဲအချိန်တွင် ရွာအနောက်ဘက် လေးဖာလုံခန့်အကွာရှိ ခြေတော်ရာဘုရားသို့ ဆက်လက်ကြွချီ နေစဉ် လူ ၄၂ ဦးက တုတ်၊ ဓားဖြင့် လမ်းမှအသင့်စောင့်ကာ ဆွမ်းကြီးလောင်းပွဲတွင် ပါဝင်သူများကို တွန်းထိုးရိုက်နှက်ကာ ကြမ်းတမ်းစွာပြောဆိုခဲ့သဖြင့် ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ပြီး ဆွမ်းလောင်းပွဲလည်း ပျက်သွားခဲ့ရကြောင်း မှုခင်းမှတ်တမ်းအရ သိရသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ဆွမ်းလောင်းပွဲတွင်ပါဝင်ခဲ့သည် ဆရာတော် ဦးဩသဓက တိုင်ကြားစာပေးပို့သဖြင့် ရာအိမ်မှူးဒေါ်ဌေးဌေးအပါအဝင် လူ ၄၂ ဦးကို မလှိုင်မြို့မရဲစခန်းက (ပ) ၁၉/ ၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၂၉၄ (ညစ်ညမ်းစွာဆဲဆိုမှု)၊ ပုဒ်မ ၂၉၅-က (ကိုးကွယ်ယုံကြည်မှုကိုစော်ကားမှု) တို့ဖြင့် အောက်တိုဘာလ ၁၅ ရက်နေ့ ညနေပိုင်းက အမှုဖွင့်ပေးထားကြောင်း ယင်းရဲစခန်းထံမှ သိရသည်။

R-01