News

POST TYPE

POPULAR POST

အမေရိကန်သည် ဒဏ်ခတ်အရေးယူမှုများပြုလုပ်ပြီး ယုတ်ညံ့သည့်နည်းလမ်းကို ကျင့်သုံးလျက်ရှိဟု မြောက်ကိုရီးယားစွပ်စွဲ
18-Oct-2018


ပြုံယမ်း၊ အောက်တိုဘာ ၁၇ 

အမေရိကန်ပြည်ထောင်စုသည် ဒဏ်ခတ်အရေးယူမှုများကို ဆက်လက်ပြဋ္ဌာန်းထားခြင်းအားဖြင့် ယုတ်ညံ့သော လုပ်ရပ်များကို လုပ်ဆောင်လျက်ရှိသည်ဟု မြောက်ကိုရီးယားနိုင်ငံပိုင် မီဒီယာက ထုတ်ဖော်စွပ်စွဲလိုက်ကြောင်း CNA သတင်းဌာနက ရေးသားဖော်ပြသည်။ 

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည်လည်း ကိုရီးယားနှစ်နိုင်ငံဆက်ဆံရေး တိုးတက်ကောင်းမွန်မှုကို ပိတ်ဆို့ဟန့်တားနေသူဖြစ်သည်ဟု မြောက်ကိုရီးယားမီဒီယာက ဆိုသည်။ 

KCNA သတင်းဌာနကဖော်ပြသော ဆောင်းပါးရှည်တစ်ပုဒ်တွင် ဝါရှင်တန်သည် တစ်ပြိုင်နက်တည်း ဂိမ်းနှစ်ခုကို ကစားလျက်ရှိသည်ဟု ပြောဆိုပြီး တောင်နှင့်မြောက်ကိုရီးယား နှစ်နိုင်ငံအကြား ထူးခြားရှားပါးသည့် သံတမန်ဆက်ဆံရေး အခွင့်အလမ်းကောင်းများကို ဖျက်ဆီးနေသည်ဟု ဆိုသည်။ 

“ရန်လိုသည့် မူဝါဒနှင့် ပြန်လည်သင့်မြတ်လိုသည့် လုပ်ရပ်တို့ဟူသည်မှာ တစ်ပြိုင်တည်းကျင့်သုံး၍ မရနိုင်ပေ။ ဒဏ်ခတ်အရေးယူမှုဟုခေါ်သော အဟန့်အတားတစ်ခု ရှိနေမည်ဆိုပါက စေ့စပ်ဆွေးနွေးမှုများလည်း ရှေ့ဆက်တိုး၍ရမည် မဟုတ်ပေ”ဟု KCNA ၏ သုံးသပ်ချက်ဆောင်းပါးက ဆိုသည်။ 

အမေရိကန်ပြည်ထောင်စုသည် စိတ်နှလုံးကောင်းမွန်သူကို ယုတ်ညံ့မှုဖြင့် တုံ့ပြန်နေခြင်းဖြစ်သည်ဟု ဆောင်းပါးက ဆက်လက်ဖော်ပြသည်။ 

ဝါရှင်တန်နှင့် ပြုံယမ်းအကြားဒုတိယအကြိမ် ထိပ်သီးဆွေးနွေးပွဲ ကျင်းပပြုလုပ်ရန် စေ့စပ်ညှိနှိုင်းမှုများ ပြုလုပ်နေစဉ် ယခုလို KCNA ၏ စွပ်စွဲရေးသားမှုများပေါ်ပေါက်လာခြင်းဖြစ်သည်။ သမ္မတထရမ့်က မကြာမီကာလအတွင်း ဥက္ကဋ္ဌ ကင်ဂျုံအန်းနှင့် ထိပ်သီးဆွေးနွေးပွဲတစ်ရပ် ကျင်းပပြုလုပ်ရန် မျှော်လင့်ထားသည်။ 

ပြီးခဲ့သည့် ဇွန်လ ၁၂ ရက်နေ့က ကျင်းပပြုလုပ်သော ထိပ်သီးဆွေးနွေးပွဲတွင် သမ္မတထရမ့်နှင့် ကင်ဂျုံအန်းတို့ နျူကလီးယားသဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ကြသော်လည်း မည်သည့်သဘောတူညီချက်များ ရရှိခဲ့သည်ကို ယခုထိ အတိအကျမသိရသေးပေ။ 

ထို့အတူ မြောက်ကိုရီးယားအစိုးရသည် နျူကလီးယားလက်နက်စွန့်လွှတ်မည့် ကိစ္စနှင့်ပတ်သက်၍ ရှင်းရှင်းလင်းလင်းဖြစ်အောင် မည်သည့်အခါကမျှ လူသိရှင်ကြား ထုတ်ဖော်ပြောကြားမှုမပြုပေ။ 

F-01
 


  • VIA