News

POST TYPE

POPULAR POST

တောင်-မြောက်ကိုရီးယား မီးရထားနှင့် ကားလမ်း ပြန်လည်ချိတ်ဆက်ဖောက်လုပ်ရန် သဘောတူ
17-Oct-2018
ဆိုးလ်၊ အောက်တိုဘာ ၁၆ 

တောင်-မြောက်ကိုရီးယား နှစ်နိုင်ငံအကြား မီးရထားနှင့်ကားလမ်း ပြန်လည်ဆက်သွယ်ဖောက်လုပ်သွားရန် နှစ်နိုင်ငံအစိုးရတို့ သဘောတူညီလိုက်ပြီဖြစ်ကြောင်း AFP သတင်းဌာနက ရေးသားဖော်ပြသည်။ 

ယင်းသို့ ကိုးရီးယားနှစ်နိုင်ငံ မီးရထားနှင့် ကားလမ်းပြန်လည်ဖောက်လုပ်ရန် သဘောတူညီချက်ရရှိခြင်းသည် နှစ်နိုင်ငံဆက်ဆံရေး တိုးတက်ကောင်းမွန်မှုကို ဖော်ပြသည့် ခိုင်မာသောအဆင့်တစ်ခုအဖြစ် သတ်မှတ်နိုင်သော်လည်း နျူကလီးယားလက်နက်ဖြုတ်သိမ်းရန် မြောက်ကိုရီးယားအပေါ် ဖိအားပေးနေသည့် အမေရိကန်၏ ကြိုးပမ်းချက်များကို ထိခိုက်နစ်နာစေနိုင်သည်ဟု အမေရိကန်အရာရှိများက ပြောကြားသည်။ 

ကိုရီးယားနှစ်ပြည်ထောင်ဆက်ဆံရေးကို ပိုမိုမြင့်မားသည့်အဆင့်သို့ ရောက်ရှိအောင် တွန်းပို့နိုင်မည့် အစီအစဉ်တစ်ရပ်အား နှစ်ဖက်အစိုးရ အရာရှိကြီးများ ရိုးစင်းစွာဆွေးနွေးခဲ့ပြီးနောက် ယခုလို မီးရထားနှင့် ကားလမ်းဖောက်ရန် သဘောတူညီလိုက်ခြင်းလည်းဖြစ်သည်ဟု တောင်ကိုရီးယားပြန်လည်ပေါင်းစည်းရေးဝန်ကြီးဌာနက ထုတ်ပြန်သည့် ပူးတွဲကြေညာချက်က ဆိုသည်။ 

လာမည့်နိုဝင်ဘာလ သို့မဟုတ် ဒီဇင်ဘာအစောပိုင်းတွင် ၁၉၅၀-၅၃ ခုနှစ်၊ ကိုရီးယားစစ်ပွဲကာလကတည်းက ပြတ်တောက်သွားသော မီးရထားနှင့် ကားလမ်းများ ပြန်လည်ချိတ်ဆက်ဖောက်လုပ်မည့် လုပ်ငန်းစဉ် စတင်နိုင်ရေးအတွက် ဖွင့်ပွဲအခမ်းအနား ကျင်းပမည်ဖြစ်သည်။ 

ယခုအောက်တိုဘာလကုန်ပိုင်းတွင် ရထားလမ်းနှင့်ကားလမ်းများပြန်လည် ဖောက်လုပ်ရန်နှစ်နိုင်ငံပူးပေါင်းကာ ကွင်းဆင်းလေ့လာသွားမည်ဟု ဆိုသည်။ 

ထို့ပြင် ၂၀၂၃ ခုနှစ် အိုလံပစ် အားကစားပွဲတော်ကို နှစ်နိုင်ငံပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပသွားနိုင်ရေးအတွက်လည်း ကြိုးပမ်းသွားမည်ဟု တောင်-မြောက် ကိုရီးယားနှစ်နိုင်ငံ သဘောတူညီထားပြီဖြစ်သည်။ 

မကြာမီကာလအတွင်း တောင်-မြောက်ကိုရီးယားနှစ်နိုင်ငံ စစ်ဘက်အရာရှိကြီးများ တွေ့ဆုံဆွေးနွေးနိုင်ရေးအတွက်လည်း စီစဉ်လျက်ရှိသည်ဟု ဆိုသည်။ 

“ကိုရီးယားကျွန်းဆွယ်ဒေသ နျူကလီးယားဖြုတ်သိမ်းရေးအတွက် အင်မတန်အရေးကြီးတဲ့ အချိန်ကာလထဲကို ရောက်ရှိနေပါပြီ။ ဒုတိယအကြိမ် မြောက်ကိုရီးယား-အမေရိကန် ထိပ်သီးဆွေးနွေးပွဲလည်း မကြာမီလာပါတော့မယ်”ဟု တောင်ကိုရီးယား ပြန်လည်ပေါင်းစည်းရေးဝန်ကြီး ချိုမြောင်ဂျွန်းကပြောကြားသည်။ 

နှစ်နိုင်ငံအရာရှိကြီးများသည် စီးပွားရေးပူးပေါင်းဆောင်ရွက်သွားနိုင်ရေးအတွက်လည်း ဆွေးနွေးညှိနှိုင်းခဲ့ပြီး ဖြစ်သည်။

F-04